` အရှေ့ဆီမှာ
ရောင်နီကြွလို့ နေခြည်စတို့ ဖြာတော့မယ်
ထပါတော့ကွယ်
သူငယ်ချင်းတို့ ပန်းတသင်းသင်း ကောက်ကြမယ်
မြေပြင်ပေါ်မှာ
လွင့်စင်ပြေးတဲ့ ခရေဖွေးဖွေး ရနံ့ကြွယ်
…
………..
…….
ကလေးငယ်များ ၀ိုင်းဝန်း သီဆိုကာ
သရုပ်ဖော်ကပြနေကြသည်ကို မောင်ဘချစ်ကြည့်ရင်း ကြည်နူးနေ သော်လည်း မျက်ဝန်းထဲမှာတော့
မျက်ရည်များ ပြည့်လျှံနေပါသည်။ သည်ကဗျာလေးက မောင်ဘချစ် ကလေး လေးတွေ ကို
သင်ပေးထားတဲ့ ကဗျာလေး… ယနေ့ မောင်ဘချစ် အလယ်တန်းပြ ရာထူးဖြင့် မြို့မ အထက်ကျောင်း
သို့ ပြောင်းရမည် ဖြစ်သောကြောင့် နှုတ်ဆက်ပွဲ လေး ကျင်းပနေခြင်းဖြစ်သည်။
ကျောင်းအုပ်ဆရာမကြီးကလည်း ခေါင်းကို ငုံ့ထားသည်။ သင်ကြားရေးမှ လွဲ၍ အစစအရာရာ
အားကိုးရသောဆရာတစ်ယောက်ကို နှမြော၍ ဖြစ်ပါလိမ့်မည်။ မောင်ဘချစ်ကို အင်မတန်မှ
ချစ်ခင်ကြရှာသည့် တပည့်လေးများကတော့ မျက်နှာလေးကို ဒူးပေါ်တင် ငုံ့ကာ တသိမ့်သိမ့်
နှင့် ရှိုက်ငို နေကြသည်။ မောင်ဘချစ် က လုပ်ဖော် ကိုင်ဖက် ဆရာမ များနှင့်
တပည့်များကို နှုတ်ဆက် စကားပြောရန် အတွက် မတ်တပ်ထရပ်လိုက်သည်။ မျက်ရည်များကလည်း
မျက်ဝန်းထဲမှာ အပြည့်…
` ကျွန်တော် လေးစားချစ်ခင်ရပါတဲ့
ကျောင်းအုပ် ဆရာမကြီးနဲ့.. ဆရာမ အပေါင်း… နောက်ပြီး သားသား မီးမီးတို့ .. ဒီနေ့
ဆရာ့ကိုနှုတ်ဆက်ဂုဏ်ပြုပွဲလေးမှာ..စကားပြောခွင့်ရလို့ ၀မ်းသာပါကြောင်း ပထမ
ပြောပါရစေ…။ ဆရာမတို့ နဲ့ ကျွန်တော် ထာဝရ ခွဲခွာသွားတာ မဟုတ်သေးပါဘူး…။
ကျွန်တော်နဲ့ ဆရာမတို့ တစ်တွေ ပင်စင်မယူမချင်း ဒီပညာရေး ဌာနမိသားစု ကြီးအတွင်းမှာ
တွေ့ဆုံ နေကြရဦးမှာ… ကျွန်တော့် တစ်သက်မှာ ဒီရွာ.. ဒီကျောင်း နဲ့ ဆရာမတို့ တတွေ
နောက်ပြီး ဆရာ့ တပည့်တွေကို ဘယ်တော့မှ မမေ့ပါဘူး.. ဆရာမကြီးနဲ့ တကွ
ဆရာမတွေအားလုံးကိုလည်း … မောင်ဘချစ်
ပြောမှား ဆိုမှား ရှိခဲ့တာတွေ.. နောက်ပြီး ဆရာမတို့ စိတ်အလိုမကျတာတွေ
ရှိခဲ့ရင်လည်း မောင်ဘချစ် ဒီနေရာကနေ တောင်းပန်ပါတယ်…နောက်.. တစ်နေရာရာ မှာ
တွေ့ခဲ့ရင်လဲ ခေါ်ပါ ပြောပါ နှုတ်ဆက်ကြပါ..။ မသင့် တော်တာရှိရင်လဲ.. ပြောဆို
ဆုံးမကြပါ…။
နောက်ပြီး…
တပည့်တွေကို ပြောချင်တာက.. တပည့်တို့ ဆရာ့ကိုခွဲရလို့ ၀မ်းမနည်းကြပါနဲ့..
တပည့်တို့ စာကို ကြိုးစားကြ.. စာကြိုးစားလို့ တပည့်တို့ မြို့မ အထက်တန်းကျောင်းကြီးကို
ရောက်ရင် ဆရာနဲ့ ပြန်ဆုံရမယ်လေ.. ။ အဲဒီကျတော့လဲ.. ဆရာက မင်းတို့ကို ကဗျာလေးတွေ..
သီချင်းလေးတွေ.. ပုံပြင်လေးတွေ ပြောပြမှာပေါ့.. ။ ဒီတော့ ဆရာ့ကို ချစ်ရင်
ငိုနေလို့ မပြီးဘူးနော်.. ဆရာ ဆရာမတွေ သင်တဲ့စာတွေကို ကြိုးစား လိုက်နာ ကျက်မှတ်ကြ
နော်.. ဆရာဆရာတွေ ပြောတဲ့စကားကိုလည်း နားထောင်ကြ.. ဆရာ ဆရာမတွေကို ချစ်ရင်
ဆရာဆရာမတွေ ထက် တော်အောင် တတ်အောင် ပညာတတ်ကြီးတွေ ဖြစ်အောင်ကြိုးစားကြနော်.. ဒါမှ
ဆရာ ဆရာမတွေကလည်း ၀မ်းသာကြမှာ.. ဟုတ်ပီလား..
နောက်ပြီးတော့ …. ….. ….. …´
ထိုနေ့က
မောင်ဘချစ် တစ်ယောက် တတ်သလောက် မှတ်သလောက်ကလေးဖြင့် လုပ်ဖော် ကိုင်ဖက် ဆရာမ
အပေါင်းနှင့် တပည့်လေးများကို နှုတ်ဆက်စကားပြောကြားကာ.. မူလတန်းကျောင်းကလေးမှ
ခွဲခွာပြီး… မြို့မ အထက်တန်း ကျောင်းကြီးသို့ ရောက်ရှိခဲ့ပါသည်။
*********************
အထက်တန်းကျောင်းဆိုတော့ ဆရာ ဆရာမ
တော်တော်လေး များပါသည်။ နောက်ရောက်လာသော မောင်ဘချစ် အတွက် ဘာသာရပ်တစ်ခု
သင်ရဖို့အရေး အချိန်များသော ဆရာမများထံမှ တစ်ခန်းလောက်ကို မနည်းတောင်းကာ ခွဲယူ
သင်ကြားခွင့်ရှိခဲ့ပါသည်။ သင်ကြားရမည့် အတန်းကတော့ ပဉ္စမတန်း (G ) အင်္ဂလိပ်စာ နှင့်
၆တန်း ၇တန်း အတွက် ကာယချိန် များဖြစ်ပါသည်။
မောင်ဘချစ်
အရင်တုံးကလိုနေ၍ မဖြစ်တော့ပါ.. မြို့မ အထက်တန်းကျောင်းတွင် နာမည်မရတောင်မှ
လူကဲ့ရဲ့ မခံရဖို့ တော့ ကြိုးစား သင်ကြားရပါမည်။ ပဉ္စမတန်း အင်္ဂလိပ်စာ စာအုပ်မှ
နောက်ရက်သင်မည့် သင်ခန်းစာအတွက် ကြိုတင်
ပြင်ဆင်မှုများ ပြုလုပ်ရပါသည်။ ရောက်နေသည့် သင်ခန်းစာက The Lion And The Mouse .
စာကို သုံးခေါက်လောက် ဖတ်လိုက်တော့ အလွတ်ရသွားပါသည်။ ထို့နောက် သင်ထောက်ကူပစ္စည်းရဖို့
ပုဆိုးစုတ်တစ်ကွင်းကို အပိုင်းပိုင်းဆုတ်ဖြဲ၍
ဖြတ်ဖောက်ချုပ်လုပ်လိုက်ရာ ခြင်္သေ့ရုပ် တစ်ခုနှင့် ကြွက်ရုပ် တစ်ခု ရပါတော့သည်။
ပဉ္စမတန်း
G ခန်းသို့ အင်္ဂလိပ်စာ သင်ကြားရန် ၀င်လိုက်သည်နှင့် အတော်လေးကို လှပါသည်။
ပုံစံများက ပေကပ်ကပ် ဂျစ်တူးတူး .. တစ်ယောက်က လက်ကျိုးထားသဖြင့်
ကျောက်ပတ်တီးစည်းထားသည်။ တစ်ယောက်က တော့ မျက်လုံးတစ်ဖက်ချိုင့်ကာ ပိတ်နေသည်။
`
သား လက်က ဘာဖြစ်လို့ ကျိုးတာလဲ.. ´
`
သစ်ပင်ပေါ်တက်နေတဲ့ ဖားပျံ ကို လိုက်ဖမ်းတာ .. လိမ့်ကျလို့ ပါ ဆရာ.. ´
`
အော်.. ´
နောက်တစ်ယောက်…
` သား .. မျက်လုံးက ဘာနဲ့
ခိုင်းမိလို့လဲ.. .. ´ တော်တော်နှင့် အဖြေမပေးပဲ ပြုံးနေသည်။နောက်တော့မှ..
`
ပွဲတော် ဈေးက ၀ယ်လာတဲ့ မြှားဆံ.. လေ.. အိမ်ရောက်တော့ မိုးပေါ်ပစ်လိုက်တယ် ပြန်ကျလာတော့ အဲဒါဖြောင့်ရဲ့လားဆိုပြီး အောက်က နေ
တဲ့တဲ့ ၀င်ပြီး မျက်စိတစ်ဖက် မှိတ်ကြည့်လိုက်တာ အဲဒီမျက်လုံး
စိုက်သွားလို့… ´
` အော်.. ဖြစ်ရလေ..ကွာ.. ´
တစ်ခန်းလုံးကို တစ်ယောက်ချင်း
လိုက်မေးကြည့်လိုက်တော့.. အားလုံးမှာ ချန်ပီယံ ချည်းပင်. (ကျောင်းစာကလွဲရင်ပေါ့).။
အနုဆုံး.. ပုဂ္ဂိုလ်က အဖေနှင့် အမေ ကွဲနေတာလောက်ပါပဲ.. ။
ခပ်သွက်သွက်
တစ်ယောက်က လာချွန်ပြန်သည်…
` ဆရာ.. မိုက်တီး..
တစ်ယောက်ကျန်သေးတယ်.. အဲဒီကောင်.. ဒီနေ့ ကျောင်းမလာဘူး… ´
`အော်
ဟုတ်လား.. အင်း.. နောက်ရက် မေးတာပေါ့ကွာ.. ဒီနေ့ တော့ စာသင်ကြစို့. ´
မောင်ဘချစ်တစ်ယောက်
စတိတ်ခုံပေါ် တွင် စားပွဲကိုတင်လိုက်သည်။ ကျောင်းသားများ အထူးအဆန်းဖြစ်ပြီး
ကြည့်နေကြသည်။ ကပြ မည်လား ထင်နေသည်မသိ…။
`ကိုင်း
စာအုပ်တွေ ထုတ်မယ်.. ဒီနေ့ ဆရာသင်မဲ့ သင်ခန်းစာ The Lion And The Mouse. တဲ့
ဒီတော့ အဲဒီစာပိုဒ်လေးကို ဖတ်ကြည့်ရအောင်.. ´
` ဆရာ.. အဲဒါ မီးနိမ်း (meanings)..
မပေးရသေးဘူးဗျ… .´
နောက်တစ်ယောက်က
ထပ်ပြောသည်။
` ပေးတော့ရော.. မင်းက ကျက်လို့လား.. ´
` မင်းက မော်နီတာ ဆိုပြီး
ဖင်ခေါင်းမကျယ်နဲ့.. မင်းရော ကျက်လို့လား..´
မောင်ဘချစ်အလျင်အမြန်ဝင်ပြောရသည်။..
`ကဲကဲ စကားမများနဲ့…. မင်းတို့ မီးနိမ်းမကျက်
အတူတူ တော့ မပေးတော့ဘူး.. ဒီတိုင်းသင်မယ်.. ´
` ဟုတ်တယ်ဗျ.. အဲဒီကောင်တွေ
မီးနိမ်းပေးပြီး နောက်ရက်ဆို ကျောင်းမလာဘူး.. ´
`ကဲ…
တော်ပါတော့ မော်နီတာရယ်.. စာသင်ချိန်တစ်ဝက်ကျိုးနေပြီ.. စာသင်ကြစို့…´
မောင်ဘချစ်က
လက်ဆွဲအိတ်ထဲမှ ခြင်္သေ့ရုပ်နှင့် ကြွက်ရုပ်ကို ထုတ်ကာစားပွဲပေါ် တင်လိုက်သည်..။
ထို့နောက်
တစ်ခုချင်း ကိုင်မြှောက်လိုက်ကာ..
`ဒါက
lion , ဒါကို mouse လို့ ခေါ်တယ်..
ပြန်ပြောမယ်.. ဒါဘာလဲ….´
`
lion… ပါ..´
`ဒါကတော့ရော…´
`
mouse… ´
`
အေး.. မင်းတို့ တော်တယ်.. မင်းတို့ကို ဆရာ ပုံပြင်တစ်ပုဒ်ပြောပြမယ်…´
မောင်ဘချစ်
ကြွက်ရုပ်ကလေးကို စတင်ကောက်ကိုင်လိုက်ကာ စားပွဲပေါ် ဟိုရွှေ့သည်ရွှေ့ဖြင့် ..
`
0ne day.. a mouse went out ..
အဲဒါဘာပြောတာလဲ..´
`ကြွက်ကလေး
လျှောက်သွားနေတာပါဆရာ..´
`အင်းဟုတ်ပြီး
နောက်ပြီး ဒီမှာကြည့်.. to find something
to eat….´
ကြွက်ကလေးကို
စားပွဲပေါ် ဟိုလျှောက်နမ်း သည်လျှောက်နမ်းပုံစံမျိုး လုပ်ပြလိုက်သည်။
`
အစာရှာနေတာခင်ဗျ.. ´
`
အေး ဟုတ်တယ်.. ´
ထို့နောက်
ကြွက်ကလေး ကိုဟိုရမ်းသည်ရမ်းနှင့်လမ်းလျှောက်နေသလိုမျိုးလုပ်ပြလိုက်သည်။
`
He ran carelessly through some tall grass..´
ထို့နောက်
ခြသေ့င်္ ကြီးကို ၀င်တိုက်ပစ်လိုက်သည်။
`
He ran into a sleeping lion..´
မောင်ဘချစ်က ran into , ran into ဆိုပြီး ကြွက်က ခြသေ့င်္ကို ၀င်တိုက်တာ သိသာအောင်
ပြောပြသည်။
ထို့
နောက် ခြင်္သေ့ကြီးလက်ဖြင့် ကြွက်ကို ဖိထားလိုက်ကာ
`
he held him tightly… he held him tightly..´
ထို့
နောက် နှစ်ကောင်စလုံးကို လက်ညှိုးထိုးပြလိုက်ကာ..
`
and would not let him go. ´
မောင်ဘချစ်က
အလွတ်ကျက်မှတ်ထားသည်များကို ပြန်လည်ရွတ်ဆိုရင် အရုပ်များဖြင့် ပုံဖော်လိုက်တော့
ခလေးများအားလုံး ငြိမ်ကာ စိတ်ဝင်စားစွာဖြင့်နေထောင်နေကြတော့သည်။
*********************
နောက်တစ်ရက်တွင် မိုက်တီးနှင့်
ဆရာဘချစ် တွေ့ကြပါလေပြီ .. ။ အခန်းမ၀င်ခင်ကတည်းက မိုက်တီး အကြောင်းကို ဆရာ ဆရာမ
များထံမှ နဲနဲ ပါးပါး ကြားသိခဲ့ရပါသည်။
မိုက်တီး….
နာမည်အရင်းက ခင်မောင်ဝင်း …
မကြာခဏ ရိုက်မှုများဖြစ်သဖြင့်..
ဘယ်သူက စပြီး မိုက်တီးလို့ ပေးလိုက်မှန်းမသိ..။
မိုက်တီးသည်..
အခန်းထဲတွင် ဘယ်သူ့မှ စကားမပြော.. ။ ဘယ်ဆရာ ဆရာမကိုမှလည်း မကြောက်.. မေးလျှင်လည်း
ဘာဆို ဘာမှ မပြော.. ။ အတန်းဖော် သူငယ်ချင်းများလည်း သူ့ကို လာမစနှင့် ..
လာစလို့ကတော့ သူ့တုန်ပြန်မှုက လက်သီး…တစ်ခုပင်… ။ ရန်ဖြစ်၍ အရိုက်ခံရလျှင်လည်း
နာကျင်ပုံမရ.. တစ်စက်ကလေးမှ မျက်နှာ မပျက်.. နောက်တော့ သူ့ကို မသိမသာ
လစ်လျူရှု့ထားရကြောင်း.. လောက်တော့ သိခဲ့ရသည်။
အခန်းထဲ
ဝင်လိုက်သည်နှင့် ခလေးများက မင်္ဂလာပါ .. နှုတ်ဆက်ပြီး ကျွန်တော့်ကို တစ်လှည့်
မိုက်တီးကို တလှည့် ကြည့်ကာ.. အင်တာဗျူး ကို စောင့်မျှော် နေကြသည်။ မောင်ဘချစ်
မိုက်တီးကို တစ်ချက်လှမ်းကြည့်လိုက် သည်။ သူကြည့်လိုက်သည်နှင့် မျက်နှာကို
မှုံကုပ်ကာ တစ်ဖက်လှည့်သွားသည်။ ခေါ်လို့ကတော့ လာမည့်ပုံမရ.. ။ ဒီတော့ မောင်ဘချစ်
သိက္ခာတော့ အကျမခံ.. သူကိုယ်တိုင် မိုက်တီး ရှိရာသို့ထသွားလိုက်သည်။
အနားရောက်တော့ သူ့ပုခုံး လေးပေါ်
လက်တင်ကာ ခေါ်လိုက်သည်…. ။
` သား… ´
မိုက်တီး တစ်ချက် မော့ကြည့်လိုက်သည်။
ထို့ နောက်ချက်ချင်း ခေါင်းကို ပြန်ငုံ့လိုက်သည်။ စပ်စုလိုသူများ က
အနားဝိုင်းလာကြသည်။
`
အားလုံး.. ကိုယ့်နေရာကိုယ်.. ထိုင်မယ်.. ´
မောင်ဘချစ်ပြောလိုက်တော့
ကလေးများ သူ့အတန်းသူ ပြန်သွားကြသည်။ ` သား …. ဆရာ.. မင်းနဲ့ စကား ပြောချင်တယ်..
ဒီထဲမှာပြောမလား.. အပြင်မှာပြောမလား .. ´
`လာ..ပါ..
ဒီထဲမှာ.. သား မပြောချင်မှန်း ဆရာသိပါတယ်.. လာ .. ဟိုနားက သစ်ပင်အောက်မှာ
သွားပြောရအောင်..´
မိုက်တီ်း
ကောက်ကနဲ ထလိုက်လာပါသည်။ စောစောကလောက် မျက်နှာ မတင်းမာတော့ပါ..။ ပထမအဆင့်တော့
အောင်မြင်သွားပြီ… ။
`
ဆရာက.. သားတို့ အတန်းမှာ.. အင်္ဂလိပ်စာသင်မယ်.. ပုံပြင်လိုပြောမယ်.. သားနားထောင်မှာလား..
´
မိုက်တီးခေါင်းညိတ်ပြပါသည်။..
`
သားကြည့်ရတာ. . တစ်ခုခုကို မကျေနပ်နေသလိုပဲ.. ဘာဖြစ်တာလဲ.. သား
ဆရာ့ကိုချစ်ရင်ပြောပြ..´
တော်တော်နှင့်
ပြန်မပြောပါ.. ။ ` သားမပြောရင် ဘယ်သူက သိမှာလဲ .. ဆရာမသိရင် သားကို ဘယ်လိုကူညီ
နိုင်မှာလဲ.. ပြောလေ.. ဆရာကူညီမယ်… သား.. ဘာဖြစ်နေတာလဲ.. ဘာကို မကျေနပ်တာလဲ..
သား.. A ခန်းကို နေချင် လို့လား.. ဆရာ ပြောပေးမယ်…လေ… ´
`
ဟာ… မနေချင်ပါဘူး.. ဆရာ.. တစ်ကယ်တန်းက သား..ကျောင်းကို မနေချင်တာပါ… ´
` ဟင်.. သားကလဲ.. ဘာဖြစ်လို့လဲ.. ဆရာ့လို
ကျောင်းဆရာတစ်ယောက်လောက်တော့ အနည်းဆုံး သားဖြစ်အောင်ကြိုးစား ရမှာပေါ့ကွ.. ဘာလဲ
သားက မဖြစ်ချင်ဘူးလား…. ´
` ဖြစ်ချင်တာပေါ့.. ဆရာ.. ဒါပေမဲ့..
…. ….´
`ဒါပေမဲ့…. ဘာဖြစ်လဲ… သား …. ..
ဆရာ့ကိုပြောပြ.. ´
မိုက်တီး….
မျက်နှာ ပြန်လည် ညှိုးငယ်သွားသည်.. နောက်မျက်နှာက နီရဲ.. တင်းမာလာကာ..
` သား.. အဖေ့ကို မကျေနပ်ဖူး… ဆရာ… ´
` ဟာ.. ဘာဖြစ်လို့လဲ… သားရ.. သားအဖေက
သားကို ရိုက်လို့လား… ဒါမှမဟုတ် ငေါက် လို့လား..
´
`
မရိုက်ပါဘူး.. ဆရာ.. ငေါက်လဲ မငေါက်ပါဘူး… ´
` ဟာ.. ဒါဆို သားကို ချစ်မှာပါ… သားက
ဘာဖြစ်လို့ မကျေနပ်ရတာလဲ… ´
` အမေသေသွားတော့.. သူက
မိန်းမထပ်ယူထားတယ်.. ဆရာ… ´
မောင်ဘချစ်
နဲနဲ တော့ သဘောပေါက်သွားပါသည်။ သို့သော်.. ဘာမှ မဖြစ်သလို ပုံစံမျိုးနှင့်..
`
ဘာဖြစ်လဲ.. သားရာ.. သားအတွက်.. မေမေ တစ်ယောက်တောင် အစားပြန်ရတာပဲ.. ဘာလဲ.. သားရဲ့
မေမေအသစ်က သားကို မချစ်လို့လား… ´
` ချစ်ပါတယ်.. ဆရာ..´
` ဒါဆို.. သားက ဘာဖြစ်လို့
မကျေနပ်ရတာလဲ… ဖေဖေက သားကိုချစ်လို့မို့ နောက်ထပ် အမေတစ်ယောက် တောင်
ရှာပေးထားတာပဲ.. သားရယ်… ´
` ဆရာ..က ဘာမှ မသိပဲ..
ပြောနေပြန်ပြီ.. ဖေဖေ နောက်ယူတဲ့ မိန်းမက သားရဲ့ အဒေါ် အရင်းဗျ.. ´
` ဟင်.. အော်.. ဒါများ သားရယ်.. သား အဒေါ်ဆိုတော့လဲ..
ဘာဖြစ်လဲ.. ဒီပြင်လူဆိုရင် သားကို ချစ်ချင်မှတောင် ချစ်မှာ.. အဒေါ်ဆိုတော့..
ပိုတောင် ကောင်းသေးတယ်… ´
`
သူငယ်ချင်းတွေသိရင် ပြောင်ကြဦးမှာ… ´
` ဟာ… မဟုတ်တာ… ဘာဖြစ်လို့
ပြောင်ရမှာလဲ… အဲလိုလူတွေ… မှ
အများကြီးပဲ..´
` ဆရာ တစ်ကယ်ပြောတာနေတာလား.. ´
` တစ်ကယ်ပြောတာပေါ့ သားရ..
သူများတွေဆို အဖေရော အမေရော မရှိလို့ အမေကြီးအိမ်မှာ နေရတဲ့သူ တွေတောင်ရှိတယ်..
ဆရာ ဆိုရင်.. တစ်ယောက်ထဲပဲ.. အဖေလဲမရှိတော့ဘူး.. အမေလဲ မရှိတော့ဘူး… ကဲ.. ဒီမှာ
သားတစ်ယောက်ထဲ အတွေးခေါင်မနေနဲ့.. ဒီကျောင်းကြီးထဲမှာ သားထက်အခြေအနေဆိုးတဲ့သူတွေ
အများကြီးပဲ.. လာ .. သား.. သွားကြစို့..
စာသွား သင်ရအောင်.. နော်… ´
` ဟုတ်ကဲ့ ပါ … ဆရာ.. ´
ထိုနေ့မှ
စပြီး မိုက်တီးတစ်ယောက် အချိုးပြောင်းသွားတာတော့ အမှန်ပင်..။ အခြားသူများနှင့်
ရောနှော ဆော့ကစားနေသည့် မိုက်တီးကိုကြည့်ကာ မောင်ဘချစ် ရင်ထဲ ကြည်နူးနေမိတာတော့
အမှန်ပင်ဖြစ်ပါသည်။
မောင်ဘချစ်
ဆရာသက်တမ်းတစ်လျှောက်.. မိုက်တီးနည်းတူ စိတ်ခံစားမှု လွန်ကဲနေသည့် ကလေး တော်တော်
များများ တွေ့ရှိခဲ့ရပါသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ