ကျောင်းတွင်းဖွံ့ဖြိုးရေးချိန်၊
စာရိတ္တ ချိန်များတွင် ကလေးများအား လောကနီတိ.. သင်ကြားပေးရန်.. ကျောင်းအုပ်
ဆရာမကြီးက ညွှန်ကြားလာပါသည်။ အမှန်တစ်ကယ် ၀န်ခံရလျှင် မောင်ဘချစ် လောကနီတိကို
မဖတ်ဖူးသေးပါ..။ ကြားတော့ ကြားဖူးပါသည်။ ပဉ္စမတန်း A ကိုဖွံ့ဖြိုးရေးချိန်
ဝင်ခဲ့စဉ်က ဖြစ်ပါသည်။ စာကြည့်တိုက်မှ ငှားလာသော လောကနီတိ စာအုပ်က မဖတ်ရသေးသဖြင့်
စာအုပ်ကို ခဏ ထုတ်ကာ ဖတ်မည် အလုပ်.. တပည့်မလေး တစ်ယောက်က လာမေးသည်။
`
ဆရာ… အခေါက်စိန် ဆိုတာ .. ရှိသလား
… ´
`
မင်းသမီးထဲက လား.. မော်ဒယ်ထဲက လား.. ´
` ဟာ .. ဆရာ ကလဲ.. လူ မဟုတ်ဘူး…
စိန်ထဲမှာ.. အခေါက်စိန် ဆိုတာ ရှိလား မေးတာပါ.. ´
`
ကြံကြံဖန်ဖန် ဟာ .. အခေါက်ရွှေ့ပဲ ကြားဖူးပါတယ်.. နင့်ကျမှ.. အခေါက်စိန်ရယ်လို့.. ´
` ဟိုမှာ.. ဆရာ.. ခင်မာဦးက
ကျောက်အဖြူကလေး ကို အခေါက်စိန်ဆိုပြီး တစ်ရာနဲ့ ရောင်းနေတာ.. ´
`ဟင်…. လာပြန်ပြီဟ…. ´
မောင်ဘချစ်
ကလေးများဝိုင်းအုံ နေရာသို့ သွားကြည့်လိုက်သည်။ခင်မာဦးကသူငယ်ချင်းတစ်ယောက်ကို အချဉ်ဖမ်းနေသည်။
` ရိုးရိုးစိန်ကလေ.. အဖြူရောင်ပဲ
လက်တာ.. ခုဒီမယ်ကြည့် ရောင်စုံလက်နေတာ.. အဲဒါ အခေါက်စိန်ပဲ.. ´
` ပြစမ်း .. အခေါက်စိန် ဆိုတာ…. ´
အားလုံးက
ဆရာလာတော့ ဘေးရှဲ.. သွားကြသည်။ကောင်လေးတစ်ယောက်က ၀င်ပြောသည်။
`
အဲဒါ စိန် မဟုတ်ဘူး ဆရာကြီး.. အလှူတုံးက မောင်ရှင်လောင်း နားကပ်က ပြုတ်ကျတဲ့
ကျောက် နေမှာ.. ´
တစ်ခန်းလုံး ပွဲကျသွားသည်။
` ကဲ… မင်းမပြောနဲ့ ငါပြောမယ်… ဒီမယ်နော်.. ကျောင်းထဲမှာလာပြီး
ကျောက်ကုန်ကူးမနေနဲ့.. နောက်တစ်ခါ ဆိုရင်.. ရောင်းမဲ့ပစ္စည်းရော.. ၀ယ်မဲ့ ငွေရော..
အကုန်သိမ်းပစ်လိုက်မယ်.. ဒါဘဲ.. ´
ထိုသို့ပြောမှ..
ခင်မာဦး လျှာထုတ်ကာ ငြိမ်ကျသွားသည်။..
ထို
ကျောက်ပွဲစား ၀ိုင်းသို့ လူအများငေးနေချိန်ဝယ်..
` ဆရာ.. ကျော်ကြီးက ပိုက်ဆံ တစ်ထောင်
ပျောက်လို့တဲ့ဗျ… ´
`
ဟာ.. ပြဿနာချည်းပါပဲ လားဟ.. ဟေ့ကောင်တွေ.. ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြစမ်း. ကဲ..
ကျော်ကြီးရဲ့ ပိုက်ဆံ ကို စတာ နောက်တာ ဆိုရင်လဲ ပြန်ပေးလိုက်ကြတော့ကွာ.. ´
ထိုသို့
ပြောရင်း အားလုံးကို အကဲခတ်ကြည့်နေရသည်။ အားလုံးမှာ တစ်ယောက်တစ်ယောက်
ပြန်ကြည့်နေကြ ကာ ဘယ်သူယူထားတာလဲ.. ဆိုသည့် အကြည့်မျိုးနှင့် စူးစမ်းနေကြသည်။ သံသယ
ဝင်စရာ တစ်ယောက်တော့ တွေ့ပါသည်။ သို့သော်..တပ်အပ်တော့ ပြောလို့မရသေး.. ။ အထောက်အထားခိုင်လုံမှ
ပြောကောင်းမှာမို့ မသိမသာ သာ အကဲ ခတ်နေသည်။ ၅ တန်း မို့ တော်သေးသည်။ ၇ တန်း ဂ တန်း
ဆိုလျှင် မရလောက်တော့.. ။ အားလုံးထဲတွင် တစ်ယောက်က စာအုပ်လှန်တာလိုလို..
စာကြည့်တာလိုလိုနှင့် မသိမသာ မောင်ဘချစ်ကို ခိုးခိုးကြည့်နေသည်။
`
သူများပစ္စည်းကို ခိုးတယ် ဆိုတာ ငါးပါးသီလကို ချိုးဖောက်တာပဲ.. ငါးပါးသီလ
မလုံခြုံရင် အပယ်ငရဲ ကျနိုင် တယ်ဆိုတာကျောင်းဖွင့်စ တုန်းက ဆရာ ပြောဖူးတယ်နော်..
ဒီတော့ ဘာမဟုတ်တဲ့ ငွေလေးတစ်ထောင်နဲ့.. ငရဲ ဆိုတဲ့ ဒုက္ခဘုံ ကြီးကို မသွားချင်ကြနဲ့
.. ခုချိန်မှာ ပြန်ပေးလိုက်ရတယ်နော်… ´
ပိုက်ဆံပျောက်သော ကျော်ကြီးကတော့ ငိုနေပေပြီ.. ။
` မင်းကလဲ ငိုမနေနဲ့ .. ဒီလောက်အများကြီး
ဘာဖြစ်လို့ ယူလာရတာလဲ.. မုံ့ဖိုး လေးငါးဆယ်ဆို ရတာပဲ.. ´
`ကျွန်တော်
ဘောလုံးဝယ်မလို့ဗျ.. အမေ့ဆီကတောင်းလာတာ.. မနက်က ဆိုင်မဖွင့်လို့… အီး .. ဟီး… ´
`
အင်း.. မင်းကသာ ငိုနေ.. မင်းပိုက်ဆံက ခုချိန်ဆို မုံ့ဝယ်စားပြီးလို့
အီးတောင်ဖြစ်နေလောက်ပြီ.. ´
`
မဟုတ်ဘူးဗျ… ဆရာကြီး ၀င်လာကာစကထိ ရှိသေးတယ်.. ခုလေးမှ ပျောက်သွားတာဗျ.. ´
`
ဟာ.. ဒါဆို.. ဒီပိုက်ဆံ အခန်းထဲမှာ ရှိလောက်သေးတာပေါ့.. ဘယ်သူမှ မှ အပြင်မထွက်ပဲ..
´
`
ဟုတ်တယ်ဗျ.. လွယ်အိတ်တွေ.. အကုန်ရှေ့ယူခိုင်းပြီး ဖွင့်ရှာဗျ.. ´
`တော်ပြီကွာ..
အလုပ်ရှုပ်တယ်.. ဟိုကောင်လဲ ငိုမနေနဲ့ တော့ မနက်ဖြန် ငါလျော်ပေးမယ်.. နောက်ထပ်တော့
ဘယ်သူ့မှ မလျော်တော့ဘူး.. ဒါ နောက်ဆုံး အကြိမ်ပဲ..´
ကလေးငယ်အချို့က
ဆရာ့ဖက်မှ မခံချင်ဖြစ်ကာ တောက်ခေါက် နေကြသည်။
`တောက်..
အဲဒီသူခိုးကွာ ငါ .. သိရင်တော့လား.. ´
`အေးကွာ..
ခဏတိုင်း ဆရာကပဲ.. စိုက်စိုက်လျော်နေရတာ များလှပြီ.. ´
`
ကဲ ကဲ တော်ပြီ.. ခိုးတဲ့သူလဲ နောင်တရပြီး.. ပြန်ပေးလိုက်ရင် ဆရာလျော်ရတာ
သက်သာတာပေါ့.. ရှာကြစမ်းပါဦး ကွာ..
အောက်ကျပြီး ခုံတွေနဲ့ ဘာတွေများကွယ်နေလား.. ´
သို့
သော်.. လုံးဝ မတွေ့ပါ…။ သူခိုးက အတော်လေး ၀ါရင့်နေပုံရသည်။ သာမန်လောက်ဆိုလျှင်
ယခုလောက် ပြောရုံဖြင့် တစ်နေရာရာတွင် ဘယ်သူမှ မသိအောင် ပစ်ချထားပြီးလောက်ပြီ..
ယခုတော့ ခိုးထားပုံရ သူက မင်မပျက်..ခပ်တည်တည် ပင် စာရေးသလို
စာကူးနေသလိုမျိုးနှင့်… ။ ခုချိန်မှာ သူ့လွယ်အိတ်ထဲရှာရန်ကလည်းမဖြစ်နိုင်သေး.. ။
သူ့ပိုက်ဆံပါ ဆိုပြီး ငြင်းလျှင်လည်း.. ဘာတတ်နိုင်မလဲ..။ တွေ့ကြသေးတာပေါ့
သူခိုးရယ်….
`
ကဲ.. ဆရာ ခဏ အောက်သွားချင်လို့.. မဆော့ရစ်ကြနဲ့ ငြိမ်ငြိမ်နေ..´
မောင်ဘချစ်
ထိုသို့ ပြောပြီး ဆရာနားနေခန်းဖက် ခဏ ထွက်ခဲ့သည်။ ထို့ နောက် ဆရာမများ နေ့ခင်းလဘက်
သုတ် ဂျင်းသုတ် လုပ်စားရန်ပစ္စည်းများအနက် ဆားပုလင်း ထဲမှ ဆား မန်ကျည်းစေ့ခန့် ကို
စက္ကူထဲ ထည့်ကာထုတ်လိုက် သည်။ စက္ကူပေါ် တွင် စက်ဝိုင်းပုံကို လေးစိတ် စိတ်.. တွေ့ကရာ
ဂဏန်းများကို မြင်သာအောင်ရေးလိုက်သည်။ နောက်
ပိုက်ဆံအိတ်ထဲမှ ဘုရားပုံတော် နောက်တွင် အသာညှပ်ကာ စာသင်ခန်းထဲ
ပြန်လာခဲ့သည်။
`
ဘယ်လိုလဲ.. ပျောက်သွားတဲ့ ပိုက်ဆံ ပြန်တွေ့လား.. ´
ကျောင်းသားအားလုံးက
လက်ခါပြသည်။
`တစ်ဆယ်တောင်
မတွေ့ဘူး.. ´
`အင်း..
ဒီသူခိုးက အတော်လေး ခေါင်းမာတယ်.. ခုချိန်ထိ ပြန်မပေးပုံထောက်တော့ နောက်လဲ..
ခိုးဦးမယ် ဆိုတဲ့ သဘောပဲ.. ငါလဲ.. စမ်းသပ်ချင်တာနဲ့ အတော်ပဲ.. တစ်ခါတုံးက ငါ့ကို
ဆေးဆရာကြီးပေးထားတဲ့ အာဠာဝက ဆေး ရှိတယ်ကွ.. ။ အဲဒီဆေးက ဘီလူး ဆေးပဲ.. ဘီလူး
ဆိုတော့ သရဲတို့ တစ္ဆေတို့ နိုင်တယ်ကွ.. သူခိုးလောက်တော့ အပျော့ပေါ့ကွာ.. ´
မောင်ဘချစ်
ပိုက်ဆံ အိတ်ကလေးကိုထုတ်လိုက်သည်။ ထို့နောက်.. ကလေးများမြင်သာအောင် ဘုရားပုံ
နောက်ကျောမှ ဆားထုတ်လေးကို ထုတ်လိုက်သည်။
`
ဟောဒီဆေးဟာ.. အစွမ်းထက်ချင်ရင် သစ္စာဆိုရတယ်.. သစ္စာဆိုတယ် ဆိုတာ မှန်ကန်သော စကားကို
ပြောကြားတာဖြစ်တယ်.. ဒီတော့ ဆရာ သစ္စာဆိုမယ်.. နောက် ဂါထာရွတ်မယ်.. မင်းတို့
သေချာနားထောင်.. ကျွန်တော်မောင်ဘချစ်သည်.. လူမှန်းသိတတ်စ အရွယ်မှစပြီး ရေကို
အစိမ်းသောက်ခဲ့ပါသည်။ ထို့နောက် သခွားသီးကိုလည်း အစိမ်းလိုက် ကိုက်စားခဲ့ပါသည်…
ကလေးများ
တခွိခွိ နှင့် သဘောကျရယ်မောနေသော်လည်း.. တစ်ယောက်ကတော့မရယ်မောပါ.. မျက်စိမျက်နှာ
ကတော့ အတော်လေးကို ပျက်နေပါသည်။
`မရီကြနဲ့..
အာရုံပျက်တယ်.. ဒီမှာ.. အာဠာဝက ဂါထာရွတ်တော့မှာ.. ဥုံ…… ငါဟဲ့ အာဠာဝက.. ဖြစ်ချင်တာဖြစ်.. ထွက်ချင်ရာထွက်..
သေချင်ရင်သေ.. ကြေချင်ရင်ကြေ.. ထူးချင်ရင်ထူး.. ရူးချင်ရင် ရူး…. ´
ဆိုပြီး
အထုတ်ကို ဖွင့်ကာ သောက်ရေအိုးထဲ ဆားမှုန့်တစ်ဝက်လောက်ကို ကလေးများမြင်သာအောင်
ထည့်ပြလိုက်သည်။
`ကိုင်း..
ဒီရေဟာ.. ငါသစ္စာဆိုထားတဲ့ အတွက် သစ္စာရေ ဖြစ်သွားပြီ.. မင်းတို့အားလုံး စောစောက
ပိုက်ဆံ မခိုးဘူး ဆိုရင် သောက်ရဲ ရမယ်.. ငါမခိုးဘူးနော်.. ဒီမှာ ငါသောက်ပြမယ်.. ´
ထို့နောက်
ရေအိုးကို အနည်းငယ် မွှေနှောက်လိုက်ကာ အားလုံးရှေ့တွင် ရေတစ်ခွက်သောက်ပြလိုက်သည်။
`ကိုင်း..
မခိုးဘူးဆိုရင် လာသောက်လို့ရတယ်နော်.. ´
ကလေးများက သူတို့မခိုးဘူးဆိုတာကို
သက်သေပြသည့် အနေဖြင့် ရေကို အနည်းငယ် လာလာ သောက်ပြသည်။ သံသယ ရှိဖွယ်ကလေး
အလှည့်ရောက်တော့ ရေကိုမပါအောင်ခပ်ကာ သောက်ပြသည်။
`ရေမပါဘူးနော်..
ငါသိတယ်..´
`ကျွန်တော်
စောစောတုံးကလဲ သောက်ထားလို့ပါ.. ´
` နဲနဲလေးတော့.. သောက်ကိုသောက်ရမယ်..
တော်ကြာ မင်းကိုသူခိုးလို့ထင်နေလိမ့်မယ်နော်.. ´
ကျွန်တော် ခပ်ပေးလိုက်သော ရေအနည်းငယ်ကို မျက်စိ
မျက်နှာပျက်ကာ သောက်ချလိုက်ပါသည်။ တစ်ခန်းလုံးရှိ သူများအားလုံးလည်း
အကုန်သောက်ပြီးသွားသည်။စပ်စုတစ်ယောက်က ထပ်မေးသည်။
`ဆရာ..
ခိုးတဲ့သူက သေမှာလား..ဗျ.. ´
`
မသေပါဘူးကွာ.. ရူးရုံလောက်ပဲ.. နေမှာပါ.. သူများကိုသတ်မှသာ သေမှာလေ.. ´
ထိုသို့ပြောလေ..
စောစောက ကလေးက မျက်နှာပျက်လေ.. ။ ကြာလျှင် တစ်ကယ်ပင် ရူးသွားနိုင်တာမို့
အသာစကားဖြတ် ကာ လောကနီတိ အကြောင်းအရာပါ..
ဆုံးမစာများကို ပြောပြနေလိုက်သည်။ ခဏကြာတော့ခလေးတစ်ယောက် အသံ ထွက်လာသည်။
`ဆရာ ငွေတစ်ထောင် မလျော်ရတော့ဘူး..
ဟိုကောင်ပြန်တွေ့သွားပြီဗျ.. ´
`ဟုတ်လား..
ဘယ်ကတွေ့တာလဲ.. ´
`သူ့ခုံ
အောက်ကတဲ့.. ဆရာကြီး.. စောစောကတော့ သေချာမရှာပဲနဲ့.. ´
`
ခုနက မရှိဘူးကွ.. ခုမှ ဘယ်လို ရောက်လာမှန်းမသိဘူး.. ´
`ကဲ..
ကဲ.. ထားလိုက်တော့.. ခိုးတဲ့သူလည်းအပြစ်မဖြစ်တော့ဘူးပေါ့ကွာ.. ငါလဲ ၀မ်းသာပါတယ်..
ငွေတစ်ထောင် အကုန်သက်သာသွားလို့.. ´
ဆားပုလင်းထဲမှ ဆားများနှင့်
ငွေတစ်ထောင်ပြန်ရအောင် လုပ်ပေးလိုက်သော မောင်ဘချစ်ကို သူငယ်ချင်း ဆရာများက
ဆားပုလင်း မောင်ဘချစ် ဟု နာမည်ပေးလိုက်ကြတော့သည်။ မောင်ဘချစ်မှာ ဆားပုလင်း ဟု
နာမည် ရပြီးမကြာမီ.. ရာထူးများ တဆင့်ပြီးတစ်ဆင့် တက်ကာ အမျိုးမျိုး
နာမည်ရလာခဲ့ပါသည်။
ပဉ္စမတန်း
ရောက်လာကာစ ကျောင်းသားများမှာ.. ကျောင်းပေါင်းစုံမှ ကလေးများမို့ အခန်းထဲ
ဗိုလ်လုကြ တာက နှစ်စဉ် တွေ့နေရသည်။ ထို့ကြောင့် အခန်းတိုင်း မော်နီတာ အဖြစ်
ခပ်ထွားထွား တစ်ယောက်ကို ခန့်ထားကာ ထိန်းသိမ်း ခိုင်းရသည်။ ပဉ္စမတန်း ( E ) ခန်း
မော်နီတာက မောင်ဗဒင် က မောင်ဘချစ်ကိုလာတိုင်သည်။ ငိုထားပုံလည်းရသည်။
`
ဆရာ.. ကျွန်တော်.. မော်နီတာ မလုပ်ချင်တော့ဘူးဗျ.. ´
`
ဟ.. ဘာဖြစ်လို့လဲ.. ဟ..´
` ကျွန်တော့်စကားလဲ ဘယ်သူကမှ
နားမထောင်ကြတော့ဘူးဗျ.. ခုနက ပြဿနာတက်လို့ ရှင်းပေးတာ.. ကျွန်တော့်ကို
အဲဒီနှစ်ယောက်က ၀ိုင်းထိုးကြတာဗျ… ´
`
ဟောဗျာ.. ဘယ်လိုဖြစ်တာလဲဟ.. ငါ့လဲပြောပါဦးကွာ… ´
`ပွကြီးနဲ့.. ငမိုးဗျ..´
`
ပြောပါဦးဟ ..ဘယ်လိုဖြစ်ကြတာလဲ.. ´
`ပွကြီးက ကျောင်းမလာတော့
စာအုပ်ငှားရော .. ငမိုးကငှားတော့. ပွကြီးကပြန်ပေးတော့ စာအုပ်ကစုပ်တော့
သူ့အမေကဆူတယ်.. အရိုက်ခံရလို့ ဆိုတာ.. ငမိုးကလာတိုင်တော့်.. ကျွန်တော်က
ရှင်းပေးတော့… .. ´
`ဟာ… မင်းပြောတာ ရှုပ်ရှက်ကို ခတ်နေတာပဲ.... သွား အဲဒီ ၂
ယောက်ခေါ်ခဲ့..´
ငမိုးနှင့် ပွကြီးရောက်လာသည်။
`
ဟင်.. ပြသနာတက်ပြီဆို .. တစ်ဖက်က မေးစရာမလိုဘူး.. ဘယ်ကောင်လဲဟေ့… ပွကြီး..
ဘယ်သူလဲဟေ့ ပွကြီး.. ဟင်.. မေးစရာကို မလိုတော့တာ…ဟိုတစ်ယောက် မင်းနာမည်က အောင်ဆန်းထွန်းပါ.. ဘယ်လိုလုပ်ပြီး
ငမိုးဖြစ်နေတာလဲ.. ´
`
ကျွန်တော့် အဖေက ဦးမိုးဗျ.. အဲဒါ ဒီကောင်တွေက ငမိုးလို့ ကျွန်တော့်ကို ခေါ်ကြတာ..
´
`
မင်းကလဲ.. ကျော်စိုးကို အီးတီလို့ နာမည်ပေးတာလေ… ´
` ဟာ.. တော်စမ်းကွာ.. မေးတာပဲ ဖြေ… ကဲ
ပွကြီး မင်းအရင်ပြော..´
` ကျွန်တော်က အရင်ရက်က
ကျောင်းမလိုက်လို့ စာအုပ်ငှားတာ.. ပြန်ပေးတယ်ဗျ.. ´
`ငါ ငှားတုန်းက အကောင်ကြီး..
မင်းပြန်ပေးတော့စုတ်နေပီ.. ´
` နေဦး… မေးမှဖြေ.. အဲဒီတော့ ငမိုး..
မင်းက ဘာလုပ်သလဲ.. ´
`
ကျွန်တော်က မကျေနပ်လို့ မော်နီတာ သွားတိုင်တာဗျ.. ´
` ဗဒင်.. မင်းက ဘယ်လိုရှင်းပေးတာလဲ..
´
`
ကျွန်တော်က စုပ်တဲ့နေရာကို ပေတံနဲ့ တိုင်းပြီး.. ပွကြီးစာအုပ်ကို အစားပြန်ဆုတ်ဖြဲ
ပေးလိုက်တာ.. အဲဒါ ကြီးတယ် သေးတယ်.. ဆိုပြီး.. နှစ်ယောက်စလုံးက.. ကျွန်တော့်
ဝိုင်းထိုးတာဗျ… ´
`ဟမ်.. ကောင်းလိုက်တဲ့
ဖြေရှင်းနည်း..ဒါနဲ့ နှစ်ယောက်သား မော်နီတာကို ၀ိုင်းထိုးကြတာပေါ့.. ´
`သွား..သွား.. ငါရိုက်ရင် မင်းတို့
နာတော့မယ်.. သွား..မင်းတို့ အတန်းပိုင် ကိုသွားတိုင်ကြ… ´
ကျွန်တော်လဲ
မရိုက်ချင်သဖြင့် ခေါင်းရှောင် နေလိုက်သည်။
`ခဏနေတော့..
ဖုန်း.. ဖုန်း.. ဖုန်း… ဆိုပြီး အသံ သုံးချက် ကြားလိုက်ရပါသည်။ မော်နီတာ ဗဒင်ကတော့
ပဉ္စမတန်း သမိုင်းဘာသာရပ်မှာ ပါဝင်တဲ့ ဟမ္မူရာဘီ ရဲ့ ကိုဓ ဥပဒေ ကို လက်တွေ့
ကျင့်သုံးလိုက်တာ.. ဆရာမက ဆုချလိုက်တာ ထင်ပါရဲ့ … ။
မောင်ဘချစ်
ဆားပုလင်းဘွဲ့ ရပြီးမကြာမီ.. ကျောင်းအုပ်ဆရာမကြီးက မောင်ဘချစ်ကို
ခေါ်ယူတွေ့ဆုံပါသည်။ အကြောင်းကတော့ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွင်..
တာဝန်ပေးထားကြောင်းနှင့် ယခင်တစ်ပတ်ကဖြစ်စဉ် အားပြောပြပါသည်။ လက်ထောက်
ကျောင်းအုပ်ဆရာ ဦးကျော်ထူး က အတန်းမ၀င်ပဲ ကျောင်းလစ်သော ဆယ်တန်း ကျောင်းသာများ
အား လိုက်ဖမ်းရာတွင် ကျောင်းသားတစ်ဦးက အုတ်တံတိုင်းကျော်ချကာ
ထွက်ပြေးသွားကြောင်း.. ။ ထိုကျောင်းသားမှာ ရိုးရိုးတန်းတန်းမပြေးပဲ..
အုတ်တံတိုင်းမှ ခုန်ချခါနီးတွင်.. ` လိုက်နိုင်ရင် လိုက်ခဲ့ ´ဆိုပြီး ဆရာ
ဦးကျော်ထူးအား ဖင်လှန် ပြပြီးမှ ခုန်ချ သွားကြောင်း…။ ထိုကျောင်းသား မည်သူမည်ဝါ
သိအောင် စုံစမ်းပေးရန် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောပါသည်။
ကောင်းလိုက်တဲ့ ဂျူတီ.. နောက် ဒီထက်
ကောင်းတဲ့ တာဝန်တွေများ.. ကျန်သေးလားမသိပါ.. ။ သို့သော်.. သူ့ဆန်စား .. ရဲမှ
ဆိုသလို.. ခိုင်းတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်ရပေဦးမှာပေါ့… ။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ