ပေသီး
တစ်ယောက် နွားကျောင်းလာရာမှ အပြန် လောက်လေးဂွနှင့် လောက်စာလုံးများထည့်ထားသော
လွယ်အိတ်လေးကို ဘုတ်ကနဲ ပစ်ချလိုက်သည်။ ထို့နောက် လမ်းက ကောက် လာသော ဂျာနယ်
မျက်နှာဖုံး အစုတ်လေးတစ်ခုကို ကိုင်ပြီး ခပ်တည်တည် နှင့် ပက်လက်လှန်ကာ
ဒူးနှစ်ဖက်ချိတ်ပြီး ကောက်ဖတ်လိုက်သည်။
`
အ ..မ .. ပူ… အင်း…အဲ.. အ ..မ..ရ. ဘာပူ..
နဲ့ .. ရ လန့် ကွဲ…. ဟုတ်သေးပါဘူး…
အမရပူရ
လမ်းခွဲ… တွင် ရေကြီး… နေ… ´
`
တယ်.. ဒီကောင်လေး… ထမင်းစားမှာဖြင့် မစားဘူး.. စာမတတ် ပဲလျှောက်ဖတ်နေ.. ´
`တတ်တော့မှာ…. အမေရ.. ခုတောင် နဲနဲ ဖတ်တတ်နေပြီ…
ဒီမှာ.. ` သားပိုက်ကောင်များ သြဇာဒလေ့ တိုက်တွင် အများ ဆုံး… ရှိ… တဲ့… ။´
တောက်တီး
တောက်တဲ့ တွေ ငါ့လာပြ မနေနဲ့ ငါလဲမဖတ်တတ်ဘူး.. နင်လဲ စာမတတ်ဖူး.. ငယ်ငယ် ကတည်းက
နွားကျောင်းလာတာ.. သွား ထမင်း စားချေ…´
ပေသီးတစ်ယောက်
တစ်ကယ် ကျောင်းမနေခဲ့ရပါ… ။ ငယ်ငယ်ကတည်းက နွားကျောင်း အခုလဲ နွားကျောင်း.. နောင်လဲ
နွားကျောင်း ရဦးမှာပဲ.. သူတို့အိမ်မှာ နွားတွေက အများကြီး… ။ ဒါပေမဲ့ ပေသီး
တစ်ယောက် တစ်ကယ် ကိုစာဖတ်တတ်နေတယ်.. ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ဘူး… ။
သူစာဖတ်တတ်လာပုံက .. ဒီလို…..။
********************
ကျောင်းဆရာ
အငြိမ်းစား ဦးဘချစ် တစ်ယောက် တောထဲ သူစိုက်ထားသည့် ပြောင်းဖူးခင်း လေးဆီသို့ ထွက်လာတော့
အပင်ပေါက်ခါစ လေးများကို နွားတစ်အုပ်က ၀င်စား နေကြသည်။ ဦးဘချစ် နွားများကို
မောင်းထုတ် နေသည်။ ဘယ်လိုမှ မရ.. တစ်ကောင်ထွက်သွားလိုက်.. နောက်တစ်ကောင်က
ပြန်ဝင်လာလိုက်.. ရိုက်ထုတ်လည်း မရ.. မောဟိုက် နေပေပြီ…. ။
`
အော်… ပင်စင်စား တစ်ယောက်ဆို နွားကတောင် မလေးစားပါလားနော်… ´
ခဏကြာတော့
ပေသီးကရောက်လာပြီး.. နွားများကို အလွယ်တကူ မောင်းထုတ်ပေးလိုက်သည်။
`
အဘကလဲ.. အသက်အရွယ်ထိတောင် နွားမကျောင်းတတ်သေးဘူး.. ´
`
ငါ့မှာ နွားမှ မရှိတာ.. အဲဒါ မင်း နွားတွေလား.. ´
`
မဟုတ်ဘူး ကျုပ်နွားတွေက ဟိုး…. ဘက်မှာ.. လှန်ထားခဲ့တယ်.. ´
`
မင်း နွားမဟုတ်ပဲ မောင်းထုတ်လိုက်တာ ပိုင်လှချည်လား.. ငါဖြင့် တစ်မနက်ခင်းလုံး
မောနေပြီ.. ဘယ်လိုမှာ မောင်းလို့ မရဘူး… နေစမ်းပါဦး.. နွားကျောင်းနည်း ဆိုတာ..
ရှိသလား.. သိရင်လဲ ငါ့ကို သင်ပေးစမ်းပါ… ´
`
အာ… အဘ ကတော့ လုပ်ပြီ.. .. နွားကျောင်းနည်း ရယ်လို့ မရှိပါဘူး .. ခုနက
ခေါင်းဆောင်နွားကို မောင်းထုတ်လိုက်တာပါ.. ´
`
ဟင် ခေါင်းဆောင်နွား ဆိုတာ ရှိလား.. မင်း နွားအုပ် မဟုတ်ပဲနဲ့ ခေါင်းဆောင်နွား
ဘယ်လိုသိလဲ.. ´
`
နွားအုပ်တစ်ခုထဲမှာ .. ခေါင်းဆောင်နွားက ဂျိုထောင်ထောင်ကြီးတွေနဲ့ ဘဘရဲ့
မှန်းကြည့်ရတာပေါ့ သိသာပါတယ်.. အမျာအားဖြင့် သူတို့က ရှေ့ကသွားတာလေ.. သူလုပ်သလို
ကျန်တဲ့ နွားတွေက လိုက်လုပ်တာ သူ့ကိုလိုရာ
မောင်းထုတ်လိုက်ရင် ကျန်တဲ့နွားတွေ အကုန်လိုက်သွားတာ ဘဘရဲ့ .။´
`
အော်.. အဲလိုကိုး …. ´
ဦးဘချစ်
နွားကျောင်းသားလေး ဆီမှ ပညာတစ်ခုရလိုက်ပါသည်။
`
လာ မင်းကို ငါ တစ်ခုပြောမယ်.. သစ်ပင်ရိပ် သွားရအောင် ´
`
ဟုတ်.. ပုံပြင်ပြောမလို့လား ဘဘ.. ´
`
လာပါ.. လိုက်သာလိုက်ခဲ့ပါ…´
သစ်ပင်အောက်ထိုင်ပြီးတော့
ဦးဘချစ်က သူ့တွင်ပါလာသော မုံလေးများကို ပေသီးအား ထုတ်ကျွေးလိုက်သည်။
`
မင်း က ပုံပြင်နားထောင်ချင်တာလား..´
`
ဟုတ်.. ဘဘ.. ´
`
ဒါဆို နောက်ရက်ကျ တော့ ဘဘပုံပြင်စာအုပ်တွေယူခဲ့မယ်.. ´
`ကျွန်တော်
မှ စာမတတ်တာ ဘဘ ကလဲ.. အခု ဒီ ကွင်းထဲမှာ နွားကျောင်းနေတဲ့ သူတွေ ငါးယောက်လောက် ရှိတယ်
တစ်ယောက်မှ ကျောင်းမနေဖူး ဘဘရဲ့.. ´
`
အော်.. ဟုတ်လား… ´
ဦးဘချစ်
.. ခဏ တွေဝေ ငေးမောသွားသည်။ ခဏ နေတော့ ပေသီးကို ပြောလိုက်သည်။
နေ့လည်
နားချိန်ကျရင် မင်းသူငယ်ချင်းတွေအကုန် ဒီအပင်အောက်ကို ခေါ်ခဲ့နော်..
ဘဘပြောစရာရှိတယ်..။
`
ဟုတ်.. ဘဘ.. ပုံပြောပြနော်… ´
နေ့ခင်း
ထမင်းစားချိန်ကတော့ ပေသီး ၊ အောင်ချစ် ၊ မိစိုး ၊ ဆင်ပေါက်နှင့် ခင်နု တို့
ငါးယောက် ရောက်လာကြသည်။ အားလုံး မှာ ဆယ်နှစ်ကျော်ကျော် လေးတွေ လောက်သာ
ရှိကြပေဦးမည်။
`
လာ.. ဒီအပင်အောက်မှာ မြေကွက်လပ် တစ်ခုလုပ်မယ်.. မြေကို ညီအောင်ညှိမယ်..
မာပြောင်နေအောင်.. ရေလောင်းမယ်.. ထုမယ်.. နောက် သဲ ပါးပါးလေး.. ခင်းမယ်… ´
သူတို့
ငါးယောက် ၀ိုင်းပြီး လုပ်လိုက်တာ ခဏနေတော့ လေးပေ သုံးပေ ပတ်လည် လောက်
ပြောင်ရှင်းနေတဲ့ မြေကွက်လပ် ကလေး ရသွားပြီပေါ့… ။
ဦး
ဘချစ်က ၀ါးချွန်ကလေး တစ်ချောင်းကိုင် လိုက်ပြီး.. မြေကွက်ပေါ်မှာ စာတစ်လုံး
ရေးပြလိုက်သည်။
`
ဟောဒီ စာလုံးလေးကို `ကကြီး´ လို့ခေါ်တယ်..
သူ့ကိုဒီလိုလုပ်လိုက်ရင်.. ကာ လို့ခေါ်တယ် .. နောက်က အပြောက်လေး
နှစ်ပြောက်ထည့်လိုက်တော့… ကား… လို့ ဖြစ်သွားရော… ´
`
ဟာ.. ဘဘကြီး သားတို့ကို စာသင်ပေးတာပေါ့.. ´
`
အေး .. လေ.. သစ်ပင်ရိပ်လေးဟာ စာသင်ခန်းကြီးပေါ့.. ဒီ.. မင်းတို့ ရှင်းထားတဲ့
မြေကွက်လပ်လေးဟာ.. ကျောက်သင်ပုန်းကြီး…လေ.. ဘဘလက်ထဲက ၀ါးချွန်လေးဟာ ..
မြေဖြူပေါ့ကွာ.. ဘဘ လက်ဖ၀ါးက တော့ ဘောဖျက်ကြီးပေါ့.. ဟုတ်ဘူးလား ´
ကလေး ငါးယောက် ဦးဘချစ် စကားကို အတော်လေး
သဘောကျသွားကြသည်။ တစ်ယောက်တစ်ယောက် ကြည့်ကာ ၀မ်းသာ အားရ ပြောဆိုနေကြသည်။
` ဟိုနောက်ဆုံးက စာလုံးလေးက `ကား´ တဲ့..
အောက်မှာ ဘီးလုံးလေးတွေ ထည့်လိုက်ရင်..ပိုတူမှာနော်.. ´
`
ကဲ မင်းတို့ တွေ ဘဘ ဆိုသလို နောက်က လိုက်ဆိုကြနော်.. ´
`
ကကြီး..ရေ.. က…..´
`
ကကြီး..ရေ.. က…..´
`
ကကြီး… ရေးချ ကာ… ´
`
ကကြီး… ရေးချ ကာ… ´
`
ကကြီး.. ရေးချ.. ၀စိနှစ်လုံးပေါက်..ကား…
က.. ကာ.. ကား…. ´
`
ကကြီး.. ရေးချ.. ၀စိနှစ်လုံးပေါက်..ကား…
က.. ကာ.. ကား…. ´
ထိုနေ့
မှ စပြီး အငြိမ်းစား ဆရာကြီး ဦးဘချစ် ၏ ကျူရှင် ကလေးသည်.. ရက်ရာဇာမရွေး
ဆိုင်းဘုတ် မတင်ရပဲ.. တောထဲက သစ်ပင်တစ်ပင်အောက်တွင်.. လိုင်စင်မဲ့… ကျူရှင်တစ်ခုအဖြစ်
ပေါ်ပေါက်လာပါတော့သည်။ ကျူရှင်ခ အနေဖြင့် ဦးဘချစ်က သူ့အိမ်မှ ရှိတဲ့
မုန့်ကလေးများကို ယူလာပြီး.. ကလေးတွေကိုကျွေးပါသည်။
နောက်တော့
တဖြည်းဖြည်း ချင်း.. ရွှေသွေး အဟောင်းလေးများ.... ရုပ်ပြ ကာတွန်းလေးများ… ပုံပြင်
စာအုပ်လေးများ ….. ပညာတန်ဆောင် စာအုပ်လေးများ … ထိုမှ.. တဖြည်းဖြည်း…. ပို၍ပို၍………
… . .. .
*********************
ဦးဘချစ်
ဆိုတာ..နားလည်ရခက် သော ထိုသို့သော.. ပုဂ္ဂိုလ်မျိုးပါ.. ။ သူဟာ.. နာမည်ကြီး
ဆရာတစ်ယောက် မဟုတ်ခဲ့ပါ… ။ ဆရာကောင်းတစ်ယောက်လည်း မဖြစ်ခဲ့ပါ… ။ သူဌေး
တစ်ယောက်လည်း မဖြစ်ခဲ့ပါ… ။ လူဆိုး တစ်ယောက်လည်း မဟုတ်သလို.. လူကြီးလူကောင်း
တစ်ယောက်လည်း မဟုတ်ခဲ့ပါ.. ။ သို့သော်… သူ သည်…
စာလည်း
သင်ပေးခဲ့ ဖူးပါသည်….
ပုံပြောဆရာလည်းလုပ်ခဲ့ဖူးပါသည်…
တရားသူကြီးလည်း လုပ်ခဲ့ဖူးပါသည်…
ဆရာဝန်လည်း
လုပ်ခဲ့ဖူးပါသည်…
ဗေဒင် ဆရာလည်း လုပ်ခဲ့ဖူးပါသည်…
မှော်ဆရာ လည်း လုပ်ခဲ့ဖူးပါသည်…
စုံထောက်လည်း လုပ်ခဲ့ဖူးပါသည်….
အလုပ် တော်တော်များများ…. ကို
လုပ်ခဲ့ဖူးပါသည်။
သို့သော်…
တစ်ကယ်တန်းကျတော့… သူသည်.. အညတြ ကျောင်းဆရာ တစ်ယောက်သာဖြစ်ပါသည်။
သူ့အကြောင်းကို
ပြန်ပြောပြရလျှင်…
*********************
ကျောင်းဆရာ ကိုဘချစ် အိမ်က ရွာပြင် မကျတကျ..
စာသင်ကျောင်းနှင့် မနီးမဝေး ..
မြေခပန်းသတ် အိမ် သေးသေး လေး တစ်လုံးပါ.. ။ အိမ်အပြင်ဖက်မှာတော့ မနေတတ်
မထိုင်တတ်သော တပည့်များက လက်ကမြင်း ခြေကမြင်းကာ တံမျက်စည်း လှည်းပေးထားသဖြင့်
ပြောင်ရှင်းနေပါသည်။ ဦးဘချစ်က သူ့အိမ်ထဲကို ဘယ်သူမှ အ၀င်မခံ.. ။ပစ္စည်း ပျောက်မှာ
စိုး၍ မဟုတ်ပါ… ဘာပစ္စည်းမှလည်း ပျောက်စရာ မရှိပါ.. ။ ကလေးများက အောက်ကျနေသည့်
ဆေးလိပ်တိုများကို တက်နင်း တတ်သဖြင့် ဖြစ်ပါသည်။ သူ့အိမ်ထဲကို google earth မှသာ
ဆွဲကြည့်လို့ ရလျှင် မြင်ရပါလိမ့်မည်.. ။ ခုတင်တစ်လုံ… ။ ထိုခုတင်ပေါ်တွင် သေတ္တာတစ်လုံး…
(စာရေးစားပွဲဟု ခေါ်လျှင် လည်း ရပါသည်) ခြေရင်းတွင် ၀တ်ထားပြီးသော အ၀တ်အစားများ..
ခေါင်းရင်းတွင်.. ချေးအထပ်ထပ် ကပ်နေပြီး
အဖုံးမပါသော ပြားချပ်ချပ်ခေါင်းအုံးတစ်လုံး .. (အပေါ်တွင် ပုဆိုးစုပ်တစ်ထည်
ခေါက်တင်ထား၏) ၄င်းအောက်တွင် မ၀တ်ရသေးသော လျှော်ထားသည့် အကျီဖြူတစ်ထည်နှင့်
ပုဆိုးစိမ်းတစ်ကွင်း (တစ်နှစ်မှ နှစ်ခါ သုံးခါလောက်သာ ထုတ်ဝတ်လေ့ရှိပါသည်။)
ထို့နောက် မှိန်ုပြပြအရောင်အဆင်းရှိ ပုဆိုး အင်္ကျီ အချို့. ညာဘက်တွင် မီးခြစ်
တစ်လုံးထည့်ထားသည့် ဆေးလိပ်ခွက် (ဆေးလိပ်တို ၃ တို ရှိပါသည်) ။ ဘယ်ဘက်တွင်
ပညာတန်ဆောင်စာအုပ် ဟောင်းများ.. နှင့် စာအုပ်များ.. ခဲတံအတိုနှင့် ဘောပင်
အပျက်များ.. ။ ခုတင်အောက်တွင်.. သဲကြိုးဖွာနေသည့် သားရေဖိနပ်တစ်ရံ နှင့်
ဘာရောင်မှန်း မသိတော့သည့် ကြက်ပေါင်ဖိနပ် တစ်ရံ..။ ဒါတွေကို သာတွေ့ရပါလိမ့်မည်။
သူ့အိမ်ဘေးတွင် အပျိုကြီး မမြခင်အိမ် ရှိပါသည်။
မမြခင်အိမ်သည်.. ဦးဘချစ်၏ ငွေပဒေသာပင် ပေါက်ရာဆိုလျှင် မမှားပါ.. ။ ငွေမှ
မဟုတ်ပါ.. သူငှားချင်သည့် ပစ္စည်းများကို မမြအိမ်တွင် ငှားလျှင် ရပါသည်။ မမြခင်သည်
သူ့ကျေးဇူရှင် ဆိုလျှင် လည်း မမှားပါ.. ။ ထမင်းရှင် ဆိုလျှင်လည်း မမှားပါ… ။ ကိုဘချစ်သည်
သူ့ ကျေးဇူးရှင် မမြခင် အပေါ်တွင် ဘယ်တော့မှ.. မပြစ်မှားပါ…။ရေလာမြောင်းပေး
ဘယ်လောက်လုပ်လုပ် ယောက်ကျားပီပီ မသိချင်ယောင် ဆောင်နေပါသည်..။ မချွေခင်က
ကြွေပြီးသား ပေမဲ့.. ကျေးဇူး ရှင်ကို ဘယ်တော့မှ မစော်ကား မပစ်မှားပါ.. ။
(အဘယ်ကြောင့်ဆိုရပါမူ.. မမြခင်သည်။ အသက်က ၄၀ကျော် ခပ်၀၀ အသားညိုညို.. နှာခေါင်းပွပွ.. ခြေဖနောင့်
များလည်း ကွဲအက် နေပါသည်)
မောင်ဘချစ်၏
နေ့တဓူဝ အလုပ်များကို မှတ်တမ်းတင်ရမည် ဆိုလျှင်…
သူသည်
မနက်လင်းလျှင် ထမင်းအိုးတစ်လုံးတည်ပါသည်.. ထို့နောက် ထမင်းရေကို ဇလုံတစ်လုံးတွင်
ငှဲ့ကာ .. ဆားထည့်ပါသည်။ အချိုမှုန့် နဲနဲထည့်ပါသည်.. ။ထိုအခါ ဟင်းချိုရည် တစ်ခွက်
ချက်ပြီးသား ဖြစ်သွားပါသည်။ ထို့ နောက်တော့ ကြုံလျှင် ကြုံသလို.. ဟင်းတစ်ခွက်
ကောက်ချက်လိုက်ပါသည်။ ဟင်းချက်ရတာ မြန်လျှင်တော့ ရေချိုးပါသည်။ ကြာလျှင်တော့
ရေမချိုးဖြစ်ပါ.. ။ ရေကတော့ ချိုးချင်သည့် အချိန်မှသာ ချိုးဖြစ်ပါသည်။ သို့သော်
မချိုးဖြစ်တာက များပါသည်။ ထို့နောက် ကျောင်းသွား၊ ပြန်လာလျှင် ထမင်းစား.. ကျောင်းပြန်သွား.. ပြန်လာလျှင် စာဖတ်.. အိပ်..
။သည်လောက်ပါပဲ..။
ယနေ့
.. ကိုဘချစ် ထမင်းချက်ပြီး.. အချိန်က စောနေသေးသဖြင့် ရေချိုးရန်..
စိတ်ကူးလိုက်သည်။ ပုဆိုးကလည်း နောက်ထပ် လျှော်ပြီးသား တစ်ထည်သာကျန်တော့သည်။
ယခုပုဆိုးကလည်း အတော်လေး ညစ်ပေနေပေပြီ.. ။ ( ကိုဘချစ်သည် ၀တ်ထားသော ပုဆိုးကို
အောက်ပိုင်းအား လက်သုတ်အဖြစ် အသုံးပြုကာ အပေါ်ပိုင်းကို မျက်နှာသုတ် ပုဝါ အဖြစ်
အသုံးပြုပါသည်။) ရေချိုးရန် အတွက် ခွက်ကလေး ဆွဲကာ ရေဘုံဘိုင် ဆီထွက်လာလိုက်သည်။
ထို့နောက်… မမြခင် အိမ်ဘက် လှမ်းအကဲခတ်လိုက်သည်.. ဆန်ရွေးနေသည့် မမြခင် နှင့်
အကြည့်ချင်း တစ်ချက် ဆုံသွားသည်.. ။
`
မမြခင်ရေ…. အ၀တ်လျှော်ချင်လို့.. ဆပ်ပြာခဲ လေးခဏလောက် ငှားပါလား.. ´
အကြောင်းသိပြီးသား
မမြခင်က တော့ ဘာမှမပြောပဲ.. ရေတွင်းဖက်
လက်ညိုးထိုးပြလိုက်သည်။ ကိုဘချစ် ဆပ်ပြာခွက်ကလေးကို ယူကာ ရေချိုး..ပြီး ပုဆိုးကို
လျှော်နေသည်။ နောက်ဆုံး ဆပ်ပြာခဲ ခဏ ခဏ ငှားနေရ လျှင် အားနာ သဖြင့် တစ်ခါ
ငှားထားတုံးပုဆိုးကို ပြောင်အောင်လျှော်ပစ်လိုက်သည်။ အသစ်နီးပါး ဆပ်ပြာ တစ်တုံး..
မှာ ဖဲချပ်လောက် သာ ကျန်တော့သည်။ ထိုအခါကျတော့မှ ကိုဘချစ်ပုဆိုးမှ ချေးများ
ပြောင်စင်သွားတော့သည်။ ပုဆိုးကို ရေခါပြီး လှန်းလိုက်ကာ
ကိုဘချစ်သေသေချာကြည့်လိုက်သည်။
`
အော်…. ငါ့ ပုဆိုးက အစိမ်းရောင်အကွက် ပါလား.. ´
( ဆက်လက်ဖော်ပြပါမည်
)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ