ကိုဘချစ်
ကျောင်းဆရာဖြစ်ပြီး ကျောင်းကို စရောက်သည့်နေ့က စာမသင်တတ်ခဲ့ပါ… ။ အလုပ်စ၀င်သည့်
ရက်က January လထဲ ဆိုတော့ ကျောင်းကလဲ ပိတ်ခါနီး နေပါပြီ… ။ ထို့ကြောင့် ၀ါရင့်
ကျောင်းအုပ်ဆရာမကြီး က သင်ခန်းစာ အားလုံး အပြတ် သင်ကြားပေးပြီး ဖြစ်သည့်
သူငယ်တန်းတွင် ၀င်ရောက် ထိန်းသိမ်း ကာ သင်ခန်းစာများကို ပြန်လှန် သင်ကြာပေးရန်
တာဝန်ပေး
အပ်လိုက်ပါသည်။
သူငယ်တန်း
စာသင်ခန်းထဲ သို့ ခပ်တည်တည် နှင့် ၀ါရင့် ဆရာကြီးတစ်ယောက် လို ၀င်ရောက် လိုက်သည်
နှင့် အခန်းတစ်ခုလုံး.. တိတ်ဆိတ် ငြိမ်ကျသွားသည်။ မှတ်မိပါသေးသည်။ ထိုနေ့က
အလုပ်စ၀င် သည့်နေ့မို့ ပြောင်ပြောင် ရောင်ရောင် ဖြစ်စေရန်အလို့ငှာ.( ရာသီဥတုကလည်း
အေးလှသဖြင့်) . သူငယ်ချင်း လက်ဆောင်ပေးထားသော.. လယ်သာ ဂျာကင် အမဲကြီး
ကိုတိုက်ပုံပေါ်မှ ထပ်ဝတ်ထားပါသည်။ ကလေးများ ကသူ့ကို တစ်ချက်ကြည့်ကာ ခေါင်းလေးများ
ငုံ့ထားကြပါသည်။ တစ်ခါသာကြည့်ပြီး သူ့ကို နောက်ထပ် ဘယ်သူ မျှ မကြည့်တော့ပါ… ။
ကိုဘချစ် က ကျောင်းသားအားလုံးကို တစ်ပတ် ပတ်လိုက်သည်။ ထို့နောက် သူ့အား ခိုးကြည့်
ခိုးကြည့် လုပ်နေသည့် နောက်ဆုံးတန်းမှ ခလေးမလေး တစ်ယောက်ဆီသို့ ကပ်သွားလိုက်သည်။
` အဟင့်… ဟင့်..
အီး……. အဟီး …. ´
ကလေးမ လေးမှာ တစ်စုံတစ်ခုကို အသေအလဲ
ကြောက်နေပုံ ရသည်။ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက ခေါင်းလေးကို
အသာကိုင်လိုက်တော့…
` အီး… အဟင့်.. ကြောက်တယ်..
အမေရေ… အီး .. ဟီး.. ´
` ဟ.. ဘာလဲဟ… ´
နောက်ထပ်
တစ်ယောက်ကပါ လိုက်ငိုပြန်သည်…..။ ကျန်ကလေးများလည်း တစ်ယောက်မှ မလှုပ်ရဲ.. ။
ရှိတဲ့စာအုပ်လေးတွေ လှန်ကာ စာဖတ်သလိုလို စာရေး သလိုလို.. လုပ်ရင်း
မျက်လုံးများကတော့ သူ့ကို ခိုးကြည့်နေကြသည်။ ကိုဘချစ်မှာ စာကို ဘယ်လို စသင်ရမှန်း
မသိရသည့် အထဲ.. အလကား တစ်ယောက်ပြီး တစ်ယောက် ငိုနေသည့် ကလေးများကို
နားမလည်နိုင်ခဲ့… ။ စာသင်ခန်းမှ ထွက်ကာ ကျောင်းအုပ်ကြီး ရုံးခန်းသို့ သွားပြီး
အကြောင်းစုံ ပြောပြလိုက်ရပါတော့သည်။
`ကဲ..
ဆရာလေး မောင်ဘချစ်.. ဒီနှစ်ကတော့..
စာသင်နှစ်လဲ ကုန်တော့မှာ.. ဒီတော့ ကလေးတွေကို စာသင်စရာတော့ သိပ်မကျန်တော့ပါဘူး …
ဒီတော့ ကလေးတွေနဲ့ ရင်းနှီးအောင် နေပြီး သူတို့ကို စာလေးတွေ ပြန်ဖတ်ခိုင်း
ရေးခိုင်း ဒီလောက်ဆို ရပါပြီ.. ကလေးတွေ… မောင်ဘချစ်ကို ကြောက်ရတဲ့
အကြောင်းရင်းကတော့………… …… ….. …. … ´
`
အော်…. ဟုတ်ကဲ့ပါ ဆရာမကြီး… ဒါဆို ဒီနေ့တော့ ကျွန်တော်ပြန်လိုက်ပါဦးမယ်..
ပြင်ဆင်စရာ ရှိတာလဲ ပြင်ဆင်လိုက်ပါမယ်… နောက်ပြီး မနက်ဖြန် သင်ရမဲ့ စာကိုလည်း
ဖတ်ကြည့်လိုက်ပါဦးမယ်… ´
`
ကောင်းပါပြီ.. ဆရာ..မောင်ဘချစ်ရယ်… ´
အိမ်ပြန်ရောက်သည်နှင့်
ကိုဘချစ်တစ်ယောက် မရိတ်တာကြာနေပြီဖြစ်သည့် နှုတ်ခမ်းမွှေး ထူလဗြစ်ကြီးကို
ကပ်ကြေးနှင့် ညှပ်ပစ်လိုက်သည်။ ထို့နောက် ဂုတ်ထောက်နေပြီဖြစ်သည့် ဆံပင် အရှည်ကို
လည်း ဆိုင်သွားညှပ်ကာ ပါးပြိုင်းမွှေးများ မုတ်ဆိတ်မွှေးများကို ပါ
တပါတည်းရိတ်ပစ်ခဲ့ပါသည်။ အိမ်ရောက်တော့ ရေချိုးပြီး အ၀တ်ဟောင်းများ လျှော်နေသည်။
မောင်ဘချစ်ကို ကြည့်ပြီး အပျိုကြီးမမြခင်တစ်ယောက် ခလုတ်များပင် တိုက်နေသည်။
မောင်ဘချစ်ကတော့ မသိ ။ မူလတန်း သင်ပုန်းကြီးဖတ်စာ စာအုပ်ကို ကောက်ဖတ်လိုက်သည်။
`
ဇော်က ကနေသည်.. ခါးကော့ထားပါ..
ရယ်ရယ်မောမော.. ပေါ့ပေါ့ပါးပါး.. တော်တော်မောသလား´
ရပါပြီ။..
မခက်ပါ… တစ်ခေါက်တည်းနှင့် အလွတ်ရသွားပါပြီ။
သို့သော်
နောက်တစ်ရက် ကျောင်းရောက်သောအခါ......။
*********************
ဆရာမကြီး၏
လမ်းညွှန်ချက်အရ.. ကလေးများနှင့် ရင်းနှီးမှု့ ရစေရန်.. ပထမစည်းရုံးရသည်။
နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ရိတ်ထားသည့် မောင်ဘချစ်ကို ကလေးများ ရဲရဲ
ကြည့်ဝံ့လာသည်။
`
သား.. တို့ သမီးတို့.. လာ.. ကြ ဆရာ ပုံပြင်တစ်ခုပြောမယ်..နော်… ´
ကလေးများ အနားသို့ ၀ိုင်းလာကြသည်။ မနေ့က ငိုနေသော
ကောင်မလေးပင် ရှေ့ဆုံးက ရောက်နေသည်။ သူ့မျက်လုံးများက နှုတ်ခမ်းမွှေးရိတ်ထားသည်ကို
သေချာကြည့်ပြီး နောက်ထပ် ပေါက်လာမှာကို စိုးရိမ်နေသည့်ပုံမျိုး… ။
`
ကဲ.. ဆရာပြောမယ်… တစ်ခါတုံးကယုံနဲ့ လိပ် အပြေးပြိုင်ကြတယ်တဲ့… ယုံဆိုတာ..
အင်မတန်မှ အပြေး မြန်တဲ့ ကောင်လေးကွဲ့ .. လိပ်ကတော့ နှေးတာပေါ့ကွာ.. သူ့ကျောပေါ်က
အခွံထူထူကြီးကိုလဲ ထမ်း ထားရသေးတယ်လေ… ဒီတော့ ဘယ်သူနိုင်မလဲကွာ…
စဉ်းစားကြည့်ကြစမ်း…. ´
`
ယုန်က..နိုင်မှာပေါ့… ´
`
ဟုတ်တယ် .. ယုန်က နိုင်မှာ…´
`
မဟုတ်ဘူး.. လိပ်က နိုင်သွားတာ… နော.. ဆရာကြီး … ´
ထူးထူးခြားခြား ၀တုတ် ဆိုသည့် ကောင်လေးက
ဝင်ပြောသည်။
`
ဟုတ်လား.. ၀တုတ်ရ.. ယုန်ကအပြေးမြန်သားနဲ့ ဘာဖြစ်လို့.. လိပ်က နိုင်ရတာလည်း..´
ဝတုတ်က လည်သည်.. သူ့အိမ်တွင် တီဗွီ နှင့်
အောက်စက် ကလည်းရှိသည်။
`
သားသား အိမ်က တီဗွီ မှာကြည့်ဖူးတယ်လေ.. ယုန်ကလေးက.. လမ်းမှာ ယုန်မလေးအိမ်ကိုဝင်ပြီး
တော့ ဘောလုံး ရိုက်နေတာ.. အဲဒါကြောင့် အချိန်ကြာသွားပြီး… လိပ်ကို ရှုံးသွားတာ….။´
`
အော်… အဲဒါ နိုင်ငံခြားက ယုန်ကွ.. အခုဆရာပြောတာ.. က ငါတို့ဆီက
ယုန်ကိုပြောတာ.. သူကအပြေးပြိုင်ရင်းနဲ့
လမ်းမှာပျင်းလို့ ဆိုပြီး အိပ်နေတာကွ… ဒါ့ကြောင့် ရှုံးသွားတာ… ´
ကလေးငယ်လေးများ စိတ်ဝင်တစားဖြင့်
နားထောင်နေကြသည်။
`
ဒီတော့ သားသားတို့ မီးမီးတို့လဲ.. မပျင်းရဘူးနော်.. ´
`
ဟုတ် ကဲ့ပါ.. ဆရာကြီး…´
` ကဲ.. နောက်ရက်ကျတော့
တစ်ပုဒ်ပြောမယ်နော်.. ခု စာဖတ်ရအောင်.. ´
ကလေးငယ်လေးများ..
စာသင်ခုံလေးများဆီသို့ ပြန်သွားကြသည်။ မောင်ဘချစ်က
`ဇော်က ကနေသည် ´ ဆိုသည့်စာပိုဒ် ကို
သင်ပုန်းကြီး ပေါ်တွင်ချရေးကာ.. စတင်ရွတ်ဆိုပြလိုက်သည်။
`
ဆရာကြီး.. ဆရာမလို စာလုံးပေါင်းပြီး ဖတ်ပြပါ..ဗျ..´
`
အော်.. အေးအေး.. ´
ကိုဘချစ်..
စိတ်ထဲမှနေပြီး ` ဇော် ´ စာလုံးပေါင်းဖတ်ကြည့်လိုက်သည်…။ သဝေထိုး ဇကွဲရေးချ..
ရေး..ချ.. ငသတ်.. ဟုတ်ဖူးဟ.. င မပါဘူး.. ဇကွဲ ရေးချ.. အသတ်.. အင်း.. ဟုတ်တယ်..
အသတ် လေးပဲ.. ။
`
ကဲလိုက်ဆိုမယ်.. သဝေထိုး ဇ ကွဲ ရေးချ.. အသတ်.. ဇော်… ´
တစ်ယောက်မှ
လိုက်မဆိုကြ…။ မောင်ဘချစ်စိတ်ထဲလည်း မှားပြီဆိုတာကိုတော့ သိလိုက်သည်။ သို့သော်..
ဘာမှားမှန်းလည်း မသိ…။ ဆိုရတာ တစ်မျိုးကြီးမှန်းတော့ သိပါသည်။ မောင်ဘချစ်
ဆောင်းရာသီ ကြီးမှာ ချွေးများပြန်လာပေပြီ… ။ ပထမတန်းမှ ဆရာမလေးတစ်ယောက်က
မောင်ဘချစ်ကို လက်ယပ်ခေါ်လိုက်သည်။ ထို့ နောက် တိုးတိုးလေး ကပ်ပြီး..
` အသတ် မဟုတ်ဘူး.. ဆရာရဲ့ ရှေ့ထိုး..
ပါ.. ´
` ဟာ… ဟုတ်ပေသားပဲ..´
` နောက်တစ်ခါ မသိရင် ၀တုတ်ကို မသိမသာ အရင်ဖတ်ခိုင်းလိုက်..
သူ အကုန်ဖတ်တတ်တယ်.. ´
` ဟုတ်.. ကျေးဇူးပါ… ဆရာမရယ်…. ´
`
ကဲ.. ပြန်စမယ်..
`သဝေထိုး ဇ ကွဲ ရေးချ ရှေ့ထိုး.. ဇော်…
´
`
သဝေထိုး ဇ ကွဲ ရေးချ ရှေ့ထိုး.. ဇော်… ´
`
ကကြီးရေ က..´
`
ကကြီးရေ.. က´
`
…………….. ´
`
…………….. ´
တော်ပါသေးရဲ့
… ဆရာမလေး ကယ်လို့…. ၀ူး……… မလွယ်ပါလားဟ… ။
မောင်ဘချစ်က
စာကိုချပေးပြီးနောက် .. ကလေးများကို ပြန်ရေးခိုင်းသည်။ .. စုစုပေါင်း..
တစ်နာရီခန့် ကြာသွားသည်။ ထိုမျှ ကြာကြာသင်လိုက်သည့် အတွက် ရခဲ့သည့် ဆုလာတ်ကတော့..
ကျောင်းဆင်း သွားပြီး ကလေးများ ပြန်သွားချိန် .. နောက်တန်းမှ ခုံ
နှစ်ခုံကြားတွင်.. ပိုင်ရှင် မဲ့ အီးပုံကြီး တစ်ပုံကို မောင်ဘချစ်
ကျုံးပစ်ခဲ့ရပါသည်။ ကလေးငယ်များကို မကြာခဏ အနားပေးရမည် ဆိုသည်ကို
သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူရရှိခဲ့ပါသည်။
*********************
ပုရွက်ဆိတ် ၊
ပုရွက်ဆိတ်
ဟုတ်ကဲ့
ဦးခေါင်းညိတ်
တိတ်တိတ်ကလေး
သယ်ဆောင်လာ
ဆန်စေ့ကြီးလဲပါ..။
မိုးအခါ အစာရှား
….
ခုက စုသလား…
ခုန်ဆွ ခုန်ဆွ
ဦးနှံကောင်
ရှည်လဲ ရှည်တဲ့
ပေါင်
အတောင်လဲညောင်း
အူဟောင်းလောင်း
သူများဆီကတောင်း
ပုရွက် ကောင်လေး
အလိမ္မာ
တွင်းအောင်း
မိုးအခါ
အစာမငတ် ရေမပြတ်
သူလက်ခမောင်းခတ်
မတ်တပ်ရပ်လို့
တွင်းဝငို
နှံကောင်ရွှဲရွှဲစို
ကလိုခုန်ပေါက်
စိတ်တွေပျောက်
သေမှာ
အလွန်ကြောက်
နောင်မှ ငိုရ
ထိုနောင်တ
ရှုကြ ဦးနှံကောင်
ဥစ္စာတစ်ခု ပညာစု
တုပ
ပရွက်ရောင်…။ ။
ကလေးငယ်လေးများသည်..
ပုံပြောလည်းကောင်း.. သဘောလည်းကောင်.. သည့် ဆရာ မောင်ဘချစ် ကို
ပိုမိုချစ်ခင်လာကြသည်။ ဆရာမောင် ဘချစ်သင်ပေးသည့် ပုရွက်ဆိတ် နှင့် နှံကောင်
ကဗျာလေးကို ရွတ်ဆိုကာ ၀မ်းသာ ပျော်မြူးနေကြသည်။ ခဏအနားပေးပြီးတော့ မှ မောင်ဘချစ်
စာကိုသင်တော့သည်။ နောက်သင်ခန်းစာက
` ရေထဲမှာ.. မျှော့ ရှိ၏..´
မျှော့ကို စာလုံးပေါင်းဖတ်တော့ မောင်ဘချစ်မေ့နေပြန်သည်။
ယပင့် ဟတ်ထိုး လား ဟတ်ထိုးယပင့် လား စိတ်ထဲ ဇဝေ ဇ၀ါ ဖြစ်နေသည်။ သို့သော်…
မောင်ဘချစ် ချွေး မပြန်တော့ပါ…။ ၀တုတ် ကလေးကို အရင် ဖတ်ခိုင်းလိုက်တော့ အားလုံး
အဆင်ပြေသွားပါသည်။ ဆရာဆိုတာ.. အမြဲ တမ်း သင်ယူသူရော.. သင်ကြားသူရော.. ဖြစ်နေရမည်
ဆိုတာကို မောင်ဘချစ် နားလည်ခဲ့ရပြန်ပါသည်။
စာသင်နှစ် တနှစ်ကုန်ဆုံးပြီး
နောက်နှစ်ပြန်ဖွင့်တော့ ကျောင်းအုပ်ဆရာမကြီးက အဆင်ပြေဆုံးဖြစ်မည့် ဒုတိယတန်း ကို
သင်ခိုင်းသည်။ ထိုမှ နောက်နှစ်.. တတိယတန်း.. နောက် စတုတ္ထတန်း.. တစ်နှစ်ခြင်း တက်ကာ
တက်ကာ သင်ကြားစေခဲ့ပါသည်။
မောင်ဘချစ်ကို
ကလေးများက ချစ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော်… ရယ်စရာပြောလိုက်
ပုံပြင်ပြောလိုက်နှင့် ( တစ်ခါမှ မရိုက်ဖူး ခဲ့တာလည်း ပါပါမည်.. )မို့
အခြားအတန်းမှ ကလေးများကပင် ချစ်ခင်ကြပါသည်။ ကျောင်းတွင် ဆရာဆိုလို့ သူတစ်ယောက်သာ
ရှိသည်.. ကျန်တာက ဆရာမချည်း ၅ ယောက်.. ။ ဒါ့ကြောင့် မောင်ဘချစ် စာကို ကောင်းကောင်း
မသင်ခဲ့ရပါ.. ။ လစာထုတ် သွားလျှင်လည်း သူ… အားကစားပွဲ ဆိုလျှင်လည်း… သူ… သစ်ပင် စိုက်လျှင်လည်း သူ… အစည်းအဝေးများ
ဖိတ်လျှင်လည်း.. သူချည်းပင်… ။ သူသင်သည့် စတုတ္တတန်းမှာ လူ ၂၀ ခန့်သာ ရှိ၍
တော်တော့သည်။ အမှန်ပြောရလျှင် မောင်ဘချစ် စာကို သင်တော့ သင်ပါသည်။ သို့သော်..
ကျောင်းပြင်ပ လုပ်ငန်းများ များပြားလှသဖြင့် လေ့ကျင့်ခန်းစာအုပ်များကိုတော့ မှန်မှန်မစစ်ဆေးနိုင်ခဲ့ပါ..
။ ပို၍ဆိုးသည်က လပတ် အစမ်း စာမေးပွဲ များ ၏ အဖြေလွှာများကို မစစ်ဆေးနိုင်ခြင်းပင်…
။(အမှန်ကတော့ စစ်ချင်စိတ် မရှိတာလဲ ပါပါသည် ) သူကိုယ်တိုင် ကလေးတွေ ဦးဏှောက်ထဲ
စွဲမြဲအောင် သင်ပေးခဲ့သော သင်ခန်းစာများကို နာရီဝက် အတွင်း ကလေးများက အဖြေလွှာပေါ်
ချရေးပြနိုင်ခြင်းက စာတတ်တာ တဲ့လား… ။ ကြက်တူရွေး နှုတ်တိုက် ပြန်လည်
ရွတ်ဆိုပြနိုင်မှ စာတော်တာလို့ သတ်မှတ်ပေးရမှာလား… ။ ဒီလိုသိရုံလောက်တော့ စစ်စရာ
မလိုဟု.. (မှားယွင်းသည် ပြောမလား) ယူဆထားသည်။ မောင်ဘချစ် စိတ်ထဲ ဘယ်လိုမှ
လက်မခံနိုင်ခဲ့ပါ… ။
ကလေးများက
ဖြေပြီးသည်နှင့် အမှတ်က လိုချင်ကြစမြဲ… ။ သည်ကျောင်းသား ကလေး နှစ်ဆယ်ကို ဒုတိယတန်းမှ စကာ သင်လာတာမို့ ဘယ်သူ
ဘယ်လောက် အရည်အချင်းရှိသလဲ သိနေသည်။ ကလေးငယ်များက အမှတ်တောင်းလာလျှင် တော့..
ဘာမှ..
ရေးမထားသည့် စာအုပ်တစ်အုပ်ကို လှန်ကာ…
`
ကဲ… အမှတ်တွေပြောမယ်.. သေချာမှတ်ထားနော်.. နောက်တစ်ခါ ထပ်မမေးနဲ့.. ´
(နောက်တစ်ခါ မေးလျှင် အမှတ်က
တူတော့မှာ မဟုတ်.. ပါးစပ်ထဲတွေ့ကရာ ကောက်ပြောထား တာကိုး.. ။)
နာမည်ခေါ်ပြီး စိတ်ထဲ ထင်သလောက်
လူကြည့်ကာ အမှတ်များပေးလိုက်သည်။ ကလေးများကတော့ ၀မ်းသာ အားရ လိုက်မှတ်ကြသည်။
သူအမှတ်ပေးပုံကို ပညာရေးဝန်ကြီးသာ သိလို့ကတော့ မောင်ဘချစ်.. ဘယ်လိုဖြစ်မည် မသိ။ မောင်ဘချစ်
က စာသင်ရတာ ပျော်ပါသည်.. သို့သော် အဖြေလွှာစာအုပ်များ ကိုစစ်ရတာတော့ မလုပ်ချင်ခဲ့တာ
အမှန်ပါ.. ။ နောက် လပတ် တစ်ခုရောက်တော့
သူပြသနာ တက်တော့သည်။ ဖြစ်ပုံက…
အမှတ်
အနည်းဆုံး ရသည့်ကလေးက လာပြောသည်…။
`ဆရာ.. သားရဲ့ သချာင်္ အမှတ်က ၄၅
ဆိုတော့ နည်းတယ်.. နည်းရင် အမေက ရိုက်မှာ.. အရင်တစ်ပတ်က ပြောတယ် နောက်လ မှာ ငါးဆယ်
မပြည့်ရင် ရိုက်မှာတဲ့… အဲဒါ .. ၅ မှတ်လောက် တိုးပေးပါနော်… ။´
တစ်ကယ်တော့
ဒီကလေးက ရေခပ် အမှိုက်လှည်း အမှိုက်ကျုံး.. အားလုံး ဒိုင်ခံ လုပ်ပေးနေသူလေး.. ။
ကလေးကို
သနားတာက တစ်ကြောင်း.. နောက်ပြီး စိတ်ထဲက အလိုမကျမှုအခံကလည်း ရှိနေတာ တစ်ကြောင်း..
မို့
`
အင်း.. ယူလိုက်ကွာ.. ငါးဆယ်ထားလိုက်.. ´
မျက်နှာလေး
ဝင်းပသွားကာ ခုန်ပေါက် ပြန်သွားတော့သည်။ နောက်တစ်ယောက် လာပြန်ပြီ.. ။
`
ဆရာ.. သူက သားလောက် မတော်ပဲနဲ့ ၅၀ ဖြစ်နေပြီ.. သားလဲ တိုးပေးဦး.. ´
`
ဟင်.. မင်းက ဘယ်လောက် တိုးချင်တာလဲ.. ´
` ၅ မှတ် တိုးပေး…ဗျာ.. ´
`
အေး … ယူကွာ… ´
ဟော ခဏကြာတော့ နောက်ထပ် ကောင်မလေးတစ်ယောက် ..
`
ဆရာ.. သမီး အမှတ်က သူနဲ့ အတူတူကို အခု သူက ၅၅ မှတ် တဲ့.. သမီးလဲ တိုးပေး.. ´
`
ဟင်.. ညည်းက ဘယ်လောက် တိုးချင်တာလဲ…. ´
`
သမီးကို ၆၀ လောက် ထားလိုက်.. ´
`
အေး.. ယူလိုက်.. ဟာ.. ´
ဒီလိုနဲ့
တစ်ယောက်ပြီး တစ်ယောက် တိုးလာလိုက်ကြတာ..
၉၇ မှတ် ပေးထားတဲ့ ကောင်လေး ရောက်လာတယ်.. ။
`
ဆရာ.. ဟိုကောင်တွေက ငါးမှတ် တိုးလိုက် ဆယ်မှတ်တိုးလိုက်နဲ့ သားလဲ နဲနဲ
တိုးပေးဦး.. ´
`
အင်း.. မင်းက ဘယ်လောက်ဖြစ်ချင်တာလဲ.. ´
`
သားကို ၃ မှတ် တိုးပြီ်း.. ၁၀၀ ထားလိုက်.. နော်.. ဆရာ.. ´
`
အင်း .. မထူးပါဘူး… ယူလိုက် ကွာ.. ´
ဒါနဲ့တင်
မပြီး… အမှတ် ၁၀၀ ရထားတဲ့ ကောင်မလေးက လာပြန်ပေါ့..။
`
ဆရာ.. သမီးက အကုန်မှန်လို့ .. ၁၀၀ ရတာ.. ခုနက အောင်ချစ်က တစ်ပုဒ် မှားရဲ့နဲ့ ၁၀၀
အပြည့် ရတယ်..´
` ဟင် .. သူမှားတာ.. နင်က
ဘယ်လိုသိတာလဲ… ´
`
ခုပဲ သူလာပြောသွားတာ.. ´
`
ဒီတော့ ညည်းကဘာဖြစ်ချင်တာလဲ.. အတူတူထားလိုက်ပေါ့ဟာ နောက်လကျတော့ သမီးကို
ပိုပေးမယ်နော်.´
`ဟင့်…
တော်ပြီ.. ခုပိုပေး…´
` ဟောဗျာ.. ညည်းက
ဘယ်လောက်ယူချင်တာလဲ…´
`
၂ မှတ်လောက်တော့ ပိုပေး.. ၁၀၂ မှတ် ထားလိုက် နော်.. ´
`
ကိုင်း… ယူဟာ.. ယူ.. ယူ… ယူချင်သလောက်သာ ယူလိုက်တော့.. ´
`
ဟေး….. ငါအများဆုံးပဲ… သချာင်္ ၁၀၂ မှတ် ရတယ်.. ဟီဟိ.. ´
ဤသို့ဖြင့်
လစဉ် လတိုင်း… ဆိုသလိုပင်မောင်ဘချစ်တစ်ယောက်.. စာရေးဆရာ သောတာဆွေ ဒန့်သလွန်သီး
ရောင်းသလိုမျိုး … တစ်ဆင့်တစ်ဆင့် တိုး၍ တိုး၍ နေတော့သည်။
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ