ဆရာ
ဦးကျော်ထူးအား ဖင်လှန်ပြကာ.. အုတ်တံတိုင်းမှ ခုန်ချထွက်ပြေးသူမှာ..
မည်သူဖြစ်ပါသနည်း.. ။ထိုသူကို ဘယ်လို စုံစမ်းရမည်နည်း။ မောင်ဘချစ် အနေဖြင့်
ထိုကိစ္စကို ခေါင်းထဲ အချိန်ပြည့်ထားကာ စဉ်းစားကြည့်ပါသည်။ ဘယ်လိုမှ စဉ်းစား၍ မရခဲ့ပါ… ။
မောင်ဘချစ်မှာ
ကာယ ဆရာဆိုပြီး အားအားယားယားနေ၍ မရခဲ့ပါ.. ။ကျောင်းတွင် လစဉ်လိုလို
ပင် ဗိုက်ခွင့်
ယူသည့် ဆရာမ များကြောင့် မောင်ဘချစ် တာဝန်မှာတစ်ပတ်လျှင် ၂၅ ချိနှ် အထက်ရှိပါသည်။
သတ္တမတန်းမှ
ဗိုက်ခွင့် ယူထားသည့် အင်္ဂလိပ်ဆရာမတစ်ဦး၏ အချိန်များ အစားထိုးဝင်ရောက် သင်ကြား
ပေးခဲ့ရ စဉ်က ဖြစ်ပါသည်။ သတ္တမတန်း ( F ) ကာယချိန် ၀င်ရောက်သင်ကြားရန် မောင်ဘချစ်
ထွက်လာခဲ့သည်။ အခန်းထဲ တွင် ကျောင်းသူများသာရှိပါသည်။ ကျောင်းသား တစ်ယောက်မှ
မရှိပါ.. လွယ်အိတ်များကတော့ ရှိနေပါသည်။ (F)ခန်း (ကလေးများ အခေါ် အက်ဖွတ်
ခန်း)မှာ.. သင်ရတာ အထာလိုပါသည်။ အရေးကြီးသည့် စာများကို လူစုံချိန်လောက် မှသာ
ဖမ်းသင်ရပါသည်။ အမှန်ပြောရလျှင်
လပတ်စာမေးပွဲများဆိုလျှင် မေးခွန်းချပြီးသင်ပေးတာတောင်မှ ခဏနေလျှင် ပြန်မဖြေ တတ်ပါ
။ မနက်ဖြန် မေးခွန်းတွေ ပေးမယ် ဟုများ ပြောလိုက်မိလျှင်. နောက်ရက်
ကျောင်းလစ်ကြတော့သည်။ ဘာကြောင့် လဲဟု မမေးပါနှင့်… ။ စာကျက်ရမှာ စိုးသောကြောင့်
မလာတာပင် ဖြစ်ပါသည်။
ယခုလည်း
ဘယ်သွား အလေ န တော လိုက်နေကြသည်မသိ.. ဆယ်မိနစ်ခန့်ကြာသွားသည်ထိ တစ်ယောက်မှ
ပြန်မလာကြသေး..။ တစ်ချိန်နှင့် တစ်ချိန်
အကူးအပြောင်းတွင် အောက်သွား လေ့ရှိကြသဖြင့် ဆရာကပင် စောင့်ဆိုင်း သင်ကြားရပါသည်။
ခဏကြာတော့ ကျောင်းသားနှစ်ယောက်တစ်တွဲ ၀င်လာကြသည်။
` လာခဲ့စမ်း.. မင်းတို့ နှစ်ယောက်..
ဘယ်သွားကြတာလဲ..အောက်သွားတာပါလို့တော့ .. မလိမ်နဲ့.. ဒါမျိုးတွေ ရိုးနေပြီ..
မှန်မှန်ပြောရင်ပြော.. မပြောရင်တော့.. ငါ့အကြောင်း ပြရသေးတာပေါ့ကွာ.. ´
တစ်ယောက် တစ်ယောက် မေးငေါ့ကာ မင်းပြော..
ငါပြော.. လုပ်နေကြသည်။ထို့နောက် နှစ်ယောက်စလုံး ကပင်..
`
ကျွန်တော်တို့ မပြောပါရစေနဲ့ ဆရာကြီး.. ရိုက်ချင်လဲ ရိုက်ပါတော့… ´
အားပါး…
တယ်လဲ ထူးဆန်းပါလား … ဒါမျိုးတစ်ခါမှ မကြုံဖူးခဲ့..။
`
အေး ရတယ်.. မပြောချင်နေ.. စတိတ်ပေါ်ခဏရပ်နေ.. ´
နောက်တစ်တွဲ
ထပ်ဝင်လာပြန်သည်။ မောင်ဘချစ်က မေးတော့.. သူတို့လဲ မဖြေ..။ နောက်ထပ်တစ်တွဲ..
သူတို့ကို
မေးတော့လဲ.. ထိုနည်းလည်းကောင်းပင်.. စတိတ်ပေါ်မှ လူများကို လှမ်းအကဲခတ်လိုက်သည်။
အရင်လူများ က ခေါင်းရမ်းပြလိုက်သည်။
`
ကျွန်တော် တို့လဲ မပြောချင်ဘူးဗျ.. ဆရာ ရိုက်သာ ရိုက်ပါတော့.. ´
အတော်လေးကို ထူးဆန်းနေပါသည်။ ဘယ်လိုမေးမေး
တစ်ယောက်မှ မဖြေ.. ။ဒီကောင်တွေ ဘယ်လိုပြစ်မှုမျိုးကိုများ ကျူးလွန်လာကြသည်မသိ..
ပြောရမှာ အလွန်ခက်သည့် ကိစ္စ တစ်ခု ဖြစ်ပေလိမ့်မည်။ သူတို့ မပြောမှ ပိုပြီး
သိချင်လာသည်။ အားလုံး ၂၈ ယောက် ရှိသွားပြီ.. တစ်ယောက်မှ ထုတ်ဖော်မပြောကြ..။
နောက်ဆုံး တစ်ယောက်သာ ကျန်တော့သည်။ အတန်းထဲ အငယ်ဆုံး အအေးဆုံး အသေးဆုံး.. တက်တူ
ဆိုသည့် ကလေး..။ သည်ကလေးကို ချော့မေးရမည်.. နို့မို့လို့ကတော့ အဖြေ သိရမှာမဟုတ်..။
တက်တူတစ်ယောက် အခန်းထဲ ၀င်လာတော့ အခြေအနေ ကို သိသွားကာ နဲနဲ မျက်နှာ ပျက်သွားသည်။
ထိုကလေးက အရိုက်ခံရမှာကို တော့ အလွန်ကြောက်သည်။ သူများရိုက်နေတာ ကိုကြည့်ပြီး
ဘေးကနေသေးထွက်အောင် ကြောက်တတ်သူဖြစ်သည်။ သည်လို ကလေးကပင် သည်ကိစ္စပါဝင်နေသည်။
ဘာမှန်းတော့ မသိရသေး..။
မောင်ဘချစ် ထကာ မတ်တပ်ရပ်လိုက်သည်.. ကျောင်းသား
အများစု စိုးရိမ်စိတ်ဖြင့် တက်တူကို ၀ိုင်းဝန်း ကြည့်နေကြသည်။ မသိမသာ
ခေါင်းရမ်းပြကာ တက်တူကို အချက်ပေးနေကြသည်။
`
ကိုင်း.. မောင်တက်တူ.. မင်းတစ်ယောက်ပဲ ကျန်တော့တယ်.. ဟိုကောင်တွေ အားလုံးကတော့ သူတို့ အပြစ်ကို
မပြောလို့ မကြာခင်မှာ.. ရိုက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်တယ်.. ဒီတော့
မင်းပါချင်လား မပါချင်ဘူးလား.. မင်းအပြစ်ကို မှန်မှန် ၀န်ခံလို့ကတော့ မင်းကို
ချမ်းသာခွင့် ပေးလိုက်မယ်.. ဘယ်လိုလဲ.. မင်းမှန်မှန်ဖြေမလား.. ´
` ဆရာက ဘာမေးမှာလဲ ဗျ.. ´
`
မင်း အခု ဘယ်က ပြန်လာတာလဲ.. မှန်မှန်ဖြေ.. ဒါပဲ ငါသိချင်တယ်..´
ကျောင်းသားများက
နောက်မှ တီးတိုးဝိုင်းပြောကြသည်။
`မဖြေနဲ့.. ´ `တက်တူ.. မင်းသစ္စာမဖောက်နဲ့..
´ `ငါတို့လဲ.. မဖြေထားဘူးနော်.. ´
`ကျန်တဲ့
ကောင်တွေ ငြိမ်ငြိမ်နေစမ်း.. တက်တူ..မင်းသဘောပဲနော်… မဖြေလဲရတယ်..
ငါဘာသာသိအောင်စုံစမ်းမှာ.. ´
`ကျွန်တော် မှန်မှန်ဖြေရင်
မရိုက်ရဘူးနော်.. ´
` အေး .. ငါ ကတိ တည်တယ်.. ပြော.. ´
` ကျွန်တော်တို့ မိန်းကလေး ဆီးခြံကို
သွားချောင်းကြတာပါဆရာ.. ´
` ဟမ်.. ဘာရယ်… … .. ..´
အံ့သြသဖြင့် ပြန်မေးလိုက်တာကို
မောင်တက်တူက မကြားဖူးထင်လို့လားမသိ.. နောက်တစ်ကြိမ်ပြန်ပြောသည်။
`
ကျွန်တော်တို့ မိန်းကလေး ဆီးခြံကို သွားချောင်းကြည့်ကြတာပါ… ´
တောက်ခေါက်သံများ
အခန်းထဲ ဆူညံသွားသည် ကျွန်တော်ပင် မခေါက်လိုက်ရပါ.. ။ ခေါင်းမာလှသည့် သူများ
မောင်တက်တူ ဖော်ကောင်လုပ်လိုက်သဖြင့် အရှက်လည်းရ အရိုက်လည်းခံရဦးတော့မှာမို့ .. ခံပြင်းနေကြပုံရသည်။
`
အော်… ငါကတော့ မောင်တက်တူလေးက အေးလိုက်တာ.. အခန်းထဲမှာ.. အလိမ်မာဆုံး အအေးဆုံး.. ဟ
လို့ ထင်နေတာ… ဟင်.. မင်းက ခုတော့ ဒါမျိုးတွေ ပါ ၀ါသနာ ပါနေတယ်ပေါ့ ဟုတ်လား.. ´
` ကျွန်တော်က မသိဘူးဗျ.. ဘဂျမ်း က ဟေ့ကောင်
တက်တူ မင်း.. ပျားအုံကြည့်ချင် လိုက်ခဲ့ ဆိုပြီး လိမ်ခေါ်တာဗျ .. ´
ကျွန်တော်
ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဘဂျမ်းက လူလည်.. ။ ကျောင်းစာကလွဲလျှင်
အားလုံးကို သိသည်။ တစ်ကျောင်းလုံး မှာ ဘယ်သူက ဘယ်သူ့ကို စာလိုက်ပေးသည်။ ဘယ်အတန်းက
ဘယ်သူနှင့် ဘယ်အတန်းက ဘယ်ကောင်မလေး ဖြစ်နေသည်။ ဘယ်သူနှင့် ဘယ်သူက မောင်နှစ်မ
တော်သည်။.. အားလုံးကို သိနေသည်။ ယခုလည်း သူက စတင်ကာသိလာခြင်း ဖြစ်လိမ့်မည်. ။
`ကိုင်း..
တက်တူ.. မင်း သွားတော့.. ကိုယ့်အပြစ်ကိုယ် ၀န်ခံတာ ရိုးသားတဲ့အတွက်
ငါခွင့်လွှတ်တယ်.. ကျန်တဲ့ ကောင်တွေ.. အားလုံး နားထောင်.. မင်းတို့ ခုကျူးလွန်တဲ့
အပြစ်က ငါ့တစ်သက်နဲ့ တစ်ကိုယ်.. တစ်ခါမှ မကြားဖူးတဲ့ အပြစ်ပဲ.. ဒီတော့ အားလုံးကို
ရုံးခန်းပို့ရမယ်.. မင်းတို့ မိဘတွေခေါ်ပြီး ခံဝန်ချုပ်လက်မှတ်ရေးထိုးရမယ်.. ´
`
ဟာ.. မလုပ်ပါနဲ့ .. ဆရာ.. ဆရာ.. ကျွန်တော်တို့ကို ကြိုက်သလောက်ရိုက်ပါ..
ရုံးခန်းတော့ မပို့ပါနဲ့.. ´
`
မင်းတို့က ငါ့ကျတော့ မကြောက်ဖူးလေ.. ကျောင်းအုပ်ဆရာမကြီးမှ ကြောက်မှာ.. ´
` ရုံးခန်းတော့ မပို့ပါနဲ့ ဆရာ..
နောက်ဆို ကျွန်တော်တို့ ဆရာ့စကား နားထောင်ပါတော့မယ်.. ´
`
အေး.. မင်းတို့ ယောက်ျား ဆိုရင် ကတိ တည်ပါ.. ဒါဆိုငါရုံးခန်းကို မပို့တော့ဘူး.. ´
`
ဟုတ်.. ကတိပေးပါတယ် ဆရာ.. ´
` ကိုင်း.. ဒါဆိုရင်.. ဒီကိစ္စကို
နောက်ထပ်.. ဘယ်သူ့မှလည်း မပြောနဲ့.. နောက်ထပ်လဲ မသွားကြနဲ့.. ကျောင်းအုပ်ကြီး
သိလို့ကတော့ အနည်းဆုံး ကျောင်းထုတ်ခံရလိမ့်မယ်.. ။ စာမေးပွဲကျလို့ ကျောင်းကထွက်တာ
ကမှ ဂုဏ်ရှိသေးတယ်.. ဒီလို လုပ်လို့ ကျောင်းက အထုတ်ခံရတာပါဆိုရင်..
ဘယ်လောက်ရှက်စရာကောင်းလဲ.. ´
`
ပြောရင်း ဆိုရင်း နှင့် မောင်ဘချစ်က တက်တူကို ကြိမ်လုံးသွား ယူခိုင်းလိုက်သည်။
မောင်တက်တူက ရုံးခန်းထဲ မှ အသေးငယ်ဆုံး ကြိမ်လုံးလေးကို ရွေးယူလာပါသည်။ အားလုံးကို
ခြေသလုံးလှန်ကာ တစ်ချက်စီရိုက် ဆုံးမလိုက်သည်။ အရိုက်ခံလိုက်ရသော ကျောင်းသား
အားလုံးတစ်ယောက်မှ မငိုခဲ့ကြပါ အားလုံးပြုံးရွှင်နေသည်။ .. မနာလို့ တော့ မဟုတ်ပါ..
။ သူတို့ အပြစ် ဒီလောက် နှင့် ပြီးသွားတာပဲ ၀မ်းသာနေကြပုံရပါသည်။
`
ကဲ..ကိုယ့်နေရာကိုယ်သွားထိုင်ကြတော့ .. ဘဂျမ်း နေခဲ့… ´
` ပြောစမ်း.. ခုနက ကိစ္စ ကို.. ´
`
ကျွန်တော်က အလကားပါ ဆရာ ရယ်.. ငါးတန်း ခြောက်တန်းလေးတွေပဲ မြင်ခဲ့ရတာ .. ဟိုကောင်
ထွန်းဦးကို မေးကြည့် .. အဲဒီကောင်က မှ အတန်းကြီးတွေ ကို မြင်လိုက်ရတာ…. ´
`
ဟေ့ကောင်… မင်းကို အဲဒါ မေးတာမဟုတ်ဘူး.. မင်းဘယ်လိုလုပ်သိတာလဲ မေးတာ.. ´
`
အော်.. အဟဲ.. ကျွန်တော့်ကို ၁၀ တန်းက သံချောင်း ကပြောလို့ဗျ.. ´
` အေး .. ဟုတ်ပြီ.. ငါ မင်းကိုမေးစရာ
တွေရှိတယ်.. ဘယ်သူ့မှ ပြန်မပြောနဲ့ နော်.. အရေးကြီးတယ်.. ´
`ဟုတ်.. ဆရာကြီး သမိုင်းနဲ့ ပထ၀ီ
တွေကတော့ မကျက်ရသေးဘူး နော်.. ဆရာကြီး.. ´
` စိတ်ချ.. မင်းကို စာမမေးဘူး.. ´
ထိုနေ့မှ စပြီး.. ဘဂျမ်းကို မောင်ဘချစ်
လက်သပ်မွေးကာ .. ကျောင်းမှ မာဖီးယား (မာဖြီးယား ဆိုလျှင် ပိုမှန်ပါလိမ့်မည်)
ကောင်များကို စုံစမ်းရတော့သည်။ (မာဖြီးယား ဆိုသည်မှာ မဟုတ်သည့်နေရာတွင် ခေါင်းမာပြီး ကျောင်းစာကိုတော့ ရမ်းဖြီး
ကာ အားအားယားယား လျှောက်သွား နေသူ
များကို ဆိုလိုပါသည်။)
*********************
တစ်ရက်တွင်
ကျောင်းအုပ်ဆရာမကြီးက မောင်ဘချစ်ကို အရေးတစ်ကြီးခေါ်ခိုင်းပါသည်။ မောင်ဘချစ်
ရင်တထိတ်ထိတ်နှင့် ရုံးခန်းသွားရသည်။ သူလျှို့ဝှက်ထားသည့် ပျားအုံ ပြသနာများ
ဆရာမကြီး သိသွားလား မသိ။
`ဆရာ.. အကူအညီ တစ်ခုတောင်းချင်လို့ပါ.. ´
` ပြောပါ ဆရာမကြီး.. ´
` ၈ တန်းမှာ ဆရာ ဦးအေးကို.. ရောက်နေပြီး
အတန်းဝင်နေတယ် ဆရာ.. ´
` ဗျာ.. သူက စိတ်ကျန်းမာရေး မကောင်းလို့
ပင်စင်ယူထားတာမို့လာ.. ´
` ပင်စင်အော်ဒါက မကျလာသေးဘူး ဆရာ..
အဲဒါကြောင့် သူ့တာဝန် ကျန်သေးဘူးဆိုပြီး လာသင်နေတာ.. ´
` အဲဒါ ဒီခေါ်ပေးရမှာလား ဆရာမကြီး… ´
` ဟာ.. ဆရာ ရယ်.. ကျွန်မ ဆီမခေါ်ခဲ့ပါနဲ့..
သူကစိတ်ဖောက်နေတာ.. ခုနက ဆရာကျော်ထူးကို သွားပြောခိုင်း တာ ရန်လုပ် လွှတ်လိုက်လို့
.. ကြာရင် ကျောင်းသားတွေ.. အတွက် မကောင်းဘူး.. ဆရာ ချော့ခေါ်ပြီး အိမ်ပြန်ပို့
ပေးလိုက်ပါဆရာရယ်.. ဆရာက ပိုင်ပါတယ်… ´
`
ခိုင်းချင်ရင်တော့ .. ပိုင်ပါတယ်.. ပိုင်ပါတယ်.. နဲ့.. ဆူချင်ရင်တော့ အသုံးကို
မကျဘူးတဲ့.. ´
စိတ်ထဲက
ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ မောင်ဘချစ် ၈ တန်းဆောင်ဘက်ထွက်လာခဲ့သည်။
ဆရာ
ဦးအေးကို ကျောက်သင်ပုန်းကြီးကို တဘုန်းဘုန်း ပုတ်ကာ အင်္ဂလိပ်စာများ ဖြင့် အော်ပြောနေသည်။
သူသည် အင်္ဂလိပ်စာအလွန်တော်ပါသည်..။ မသိတဲ့ စာလုံးများ မေးလျှင် ချက်ချင်း ဖြေနိုင်ပါသည်။
မဖြေနိုင် မှ နေရော.. Oxford
တက္ကသိုလ်မှ ထုတ်ဝေသော Dictionary စာအုပ်ကြီးကို အားတိုင်း အလွတ်ကျက်နေပုံရသည်။
စာအုပ် တစ်ဝက် ကျော်ကျော် လောက် အရောက် ဖောက်သွားခြင်းဖြစ်သည်။
မောင်ဘချစ်
ကိုမြင်တော့ မျက်ထောင့်နီ ကြီးနှင့်ကြည့်နေသည်။
` ဟေ့ကောင် ဘချစ်.. ဘာလဲ..
မင်းအချိန်လား .. နေဦး.. ငါအရင်ရက်က ကျန်တဲ့ အကြွေးတွေ .. သင်လိုက် ဦးမယ်..
မင်းပြန်တော့.. ´
` မဟုတ်ပါဘူး.. လဘက်ရည်ဆိုင်
သွားမလို့.. အဲဒါ ဆရာလိုက်ချင်လိုက်ခဲ့လို့ လာခေါ်တာ.. ´
`
အောင်မာ.. မင်းက ကျောင်းချိန်ကို သွားရဲတယ်.. ဟုတ်လား.. ´
` သွားရဲတယ်. ဗျ.. မနက်က
ထမင်းမစားခဲ့ရဘူး.. ကျောင်းအမီလာတာ.. ကိုယ့်ဘာသာ ဗိုက်ဆာလို့ လဘက်ရည်ဆိုင်သွားတာ..
ဘယ်သူ့မှ မကြောက်ဖူးဗျာ.. ဆရာကြောက်လဲ.. နေခဲ့ပေါ့.. ´
`
အောင်မာ.. မင်းက ငါ့ကို လူကြောက် လို့ ပြောချင်တာလား.. ငါလဲ မင်းထက်မိုက်တယ်ကွ..
လာ.. ငါရှေ့ကသွားမယ်.. မင်းနောက်က လိုက်ခဲ့… ´
` မရဘူး.. နောက်ကတော့ မလိုက်ဘူး..
အတူယှဉ် သွားမယ်.. ´
မောင်ဘချစ်လည်း ဦးအေးကိုကို
မခံချင်အောင်ပြောကာ ဘေးချင်းယှဉ်လျှက်.. ကျောင်းအပြင်ခေါ်ထုတ်ကာ လဘက်ရည် ဆိုင်ထဲ
ဝင်လိုက်သည်။ ဆရာဦးအေးကိုကို အလိုက်သင့် ရောက်တတ်ရာရာများ ပြောဆိုကာ သူ့အိမ်ထိ
စက်ဘီးဖြင့် ချော့ကာ လိုက်ပို့ခဲ့ရပါသည်။ အော်.. ဆရာမကြီးပြောတဲ့ ပိုင်ပါတယ်..
ဆိုတာ.. ဒါပဲနေမှာ.. ။
နောက် တစ်ခါ ပိုင်ပါတယ်.. ဆိုတဲ့
တစ်ခုရှိသေးတယ်.. ။
ပန်းချီ
ဆရာဦးခင်ထွန်း.. သူက ဇိုးသမား.. သူ့အနားကပ်သွားလျှင်.. အရက်စော်..
ဆေးလိပ်စော်နှင့် အာပုတ်စော် ကထွက်နေ သည်။ နောက်ပြီး သူ့မှာ လိပ်ခေါင်းရောဂါလဲ
ရှိပါသည်။ ကျောင်းချိန်တော့ လုံးဝ အရက်မသောက်ပါ.. ကျောင်းဆင်းသည်နှင့်
အရက်ဆိုင်ရောက်တော့သည်။ မူးလာပြီးလျှင် ရေပက် မ၀င်အောင် စကားက ပြောတော့သည်။
ခွေးကလွဲလျှင် ဘယ်သူ့မှလဲ မကြောက်ပါ.. ။ ခွေးကိုက်ခံဖူးထားသဖြင့် ခွေးမြင်လျှင်..
ဝေးဝေးက ရှောင်ပါတော့သည်။
တစ်ခါတစ်ရံ
ဆရာဦးခင်ထွန်းကညနေပိုင်းမူးလာလျှင် ကျောင်းအုပ်ဆရာမကြီးအား ၀င်ရောက် ကန်တော့ ကာ
အရက်ဖိုး တောင်းပါတော့သည်။
`
ဆရာမကြီး… ကျွန်တော်.. အရက်ကို ကြိုက်လို့ သောက်နေတာ မဟုတ်ပါဘူး.. ကျွန်တော့်
ခန္ဓာကိုယ် ထဲက ကလီစာတွေက ပုပ်ပွနေပြီ.. ဆရာမကြီးရ.. ဒါ့ကြောင့် အနံ့ဆိုးတွေ
ထွက်နေတာ.. အဲဒီအနံ့တွေ ပျောက်အောင် spirit နဲ့ ဖြန်းတဲ့ သဘောမျိုးနဲ့ အရက်သောက်နေရတာပါ..ဆရာမကြီးရယ်.. အဲဒါ
ကျွန်တော့် ကို ဆေးဖိုးဝါးခလေး နဲနဲ တော့ ပေးပါဦး… ´
`
စိတ်ညစ်လိုက်တာ.. နော်.. ကဲ ရော့ရော့.. နှစ်ရာ.. ကျွန်မလဲ သူဌေးမဟုတ်ဘူး..
ပြန်တော့.. ´
ရေချိန်ကိုက်နေ သော ဦးခင်ထွန်းမှာ
တော်တော်နှင့် မပြန်ပဲ ဆရာမကြီးကို ထိုင်ရှိခိုးလိုက် အပ်ကြောင်းထပ် နေသည့်
စကားများ ပြောလိုက်နှင့်.. ကြာတော့ ဆရာမကြီးက မောင်ဘချစ်ကို ခေါ်ကာ
အကူအညီတောင်းပြန်သည်။ ဆရာ ဘချစ်ရယ်.. ဆရာက ပိုင်ပါတယ်.. ကူညီပါဦး တဲ့.. ။
`
ကဲ.. လာ. ဆရာ.. ပြန်ကြစို့ ကျွန်တော် လိုက်ပို့မယ်.. ´
` ရပါတယ်.. ငါ မမူးပါဘူးကွ.. ငါဖာသာငါ
ပြန်နိုင်ပါတယ်.. ´
`ကဲ. ပြောမရရင်လဲ .. မတတ်နိုင်ဘူး..
ကျုပ်ထမင်းဆာလှပြီ.. လာသွားမယ် ´ ဆိုပြီး..
ဆရာဦးခင်ထွန်းကို
စွေ့ကနဲ ကောက်ပွေ့ချီကာ သူ့အိမ်ပြန်လိုက်ပို့ပေးရသည်။ဦးခင်ထွန်းက ပိန်လှီလှီ
ခန္ဓာကိုယ်လေးမို့ မောင်ဘချစ် အတွက် သိပ် အပန်းမကြီးပါ.. ။သို့သော်.. ဦးခင်ထွန်းက
ကလေးတစ်ယောက်လို ခြေနှစ်ဖက်က ယက်ကန်ယက်ကန် တော့ လုပ်နေသေးသည်။
`
မောင် ဘချစ်.. ငါ့ ကို အောက်ချတော့ကွာ.. ငါ့ဘာသာပြန်မယ်.. လူမြင်မကောင်းဘူးကွ.. ´
` ဆရာ့ဖာသာ ပြန်ရင် ဒီည
အိမ်ပြန်ရောက်မှာ မဟုတ်တော့ဘူး.. ဆရာမကြီး အမိန့်က အိမ်ထိ အရောက် ပို့ပေးရမယ်တဲ့..
´
`
ဟေ့ကောင်.. အိမ်ထိတော့ မလုပ်နဲ့ကွာ.. အိမ်နားက ဇရပ်ပေါ်ပဲ တင်ပေးခဲ့.. မူးပြန်လာရင်
ငါ့မိန်းမက ရိုက်မှာ.. အမူးပြေမှာ ငါ့ဖာသာ ပြန်ပါ့မယ်.. ´
ဦးခင်ထွန်းမှာ.. နှစ်ရာတန် တစ်ရွက်သာ ပါသည့်
အိပ်ထောင်လေးကို လက်ဖြင့်ဖိကာ.. မောင်ဘချစ်လက်ထဲ ယက်ကန် ယက်ကန်နှင့် ပါလာသည်။
ထို့နောက် မောင်ဘချစ်က သူပြောသလို သူ့အိမ်ရှေ့က ဇရပ်ပေါ် အသာချထားခဲ့ကာ
သူ့အိမ်ကိုဝင်ပြောပြီး ပြန်လာခဲ့ရတော့သည်။ မောင်ဘချစ် ပိုင်ပါတယ်…. ။
ဤသို့ဖြင့် မောင်ဘချစ် တစ်ယောက် ဆက်ကာ
ဆက်ကာဖြင့် နာမည်ကောင်းလက်မှတ်များ ဆက်တိုက် ရရှိလာခဲ့သည်။ သို့သော်.. လက်ထောက်
ကျောင်းအုပ်ကြီး ဦးကျော်ထူးအား ဖင်လှန် ပြသွားသည့် ကျောင်းသားကို တော့ ခုချိန်ထိ
ဘယ်သူမှန်း မသိခဲ့ရသေးပါ..။ သူ့လူယုံတော်.. ခုနှစ်တန်းမှ ဘဂျမ်းကို ချော့ကာ
အစ်မေးကြည့်ရပေတော့မည်။
*********************
`
ဘဂျမ်း ရေ.. ခဏ လာဦးကွာ.. ´
` မင်းကို တစ်ခုမေးမလို့… တစ်ခါတုံးက
ဆရာ.. ဦးကျော်ထူးကို ဖင်လှန်ပြ သွားတဲ့ကောင် မင်း သိလား.. ´
` ဟာ… မသိလိုက်ဘူး ဆရာ.. ´
`အင်း.. ဆယ်တန်းက ပဲကွ.. ဘယ်ကောင်လဲ
သိချင်တယ်ကွာ.. ´
` ကျွန်တော် .. ခင်တာ ဆယ်တန်းမှာ
ငါးယောက် ရှိတယ်.. သူတို့ မေးကြည့်ပေးမယ်ဆရာ.. ´
` အေး.. ငါက မေးခိုင်းတယ်
မပြောနဲ့နော်.. ဒါဆို ဒီကောင်တွေကပြောမှာ မဟုတ်ဘူး… ´
` ဟုတ်.. ကျွန်တော်သိပါတယ်.. ´
`
အင်း… မင်းက ငါ့ထက် တော်တယ်.. ကွာ. ´
ဘဂျမ်းက နားမလည်ဟန်နှင့်
ကျွန်တော့်ကို ပြန်ကြည့်နေသည်။
` ကဲ.. သွားသွား.. ဒီကိစ္စ ဘယ်သူ့မှ
အသိမပေးနဲ့ နော်.. ´
` ဟုတ်ဆရာ.. ´
မောင်ဘဂျမ်း
ခုန်ခွ ခုန်ဆွ နှင့်ပြန်သွားသည်။ ပါးစပ်ကလဲ.. ရွတ်သွားသေးသည်။
` ဟာ ဟာ ဟ .. ငါ့ကို တော်တယ်တဲ့..
ငါ့ကို တော်တယ်တဲ့ကွ.. ဟား.. ဟား.. ဟား… ´
(ဆက်လက်ဖော်ပြပါမည်)
Comments
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ