*** တူစက်ခါမှ ရွာပါမိုး ***


တိမ်ညိုရီမှိုင်း သီကာဆိုင်းလို့

ရှစ်တိုင်းရပ်ခွင် ညိုမှောင်ဆင်ဆဲ။


ဝသန်ဆိုတေး လေနုအေးနှင့်

သူပြေးထွက်ခွာ  သည်ချိန်ခါဝယ်

ရင်မှာတမ်းတ ပူသောကကို

လွင့်ကျပျောက်စေ မုတ်သုန်လေဖြင့်

အေးစေနိုးနိုး မောင်မျှော်ကိုးမိ ။


တိမ်ခိုးစေရာ လွင့်မျောပါသွား

သူ့အပါးက ငါ့အားထားကာ

ပေါင်းသဟာနဲ့ တိမ်းခွာရှောင်ရင်း

တိမ်မြူနှင်းခိုး သူအားကိုးကာ

လွင့်တိုးပါလျက် လေမိုးသက်ဖြင့်

ဘ၀ဂ်ထိတိုင်  တက်လှမ်းပိုင်စွာ

အနိုင်ယူပြေး မောင့်မှာဆွေးပေါ့

မိုးပြေးနဲ့တူ သူပျောက်ကွယ်။


ထိုမှတဖန်  ကြမ္မာပြန်ပေါ့

ဝေယံတစ်ခွင် ညိုမှောင်ဆင်ဆဲ

တူယှဉ်တွဲခိုင် တိမ်လေစိုင်နှင့်

ဆွဲကိုင်ရစ်လှည့် ငွေ့ရည်ဖွဲ့ခံ

စုန်လေပြန်လျှက် လေမိုးသက်ဖြင့်

ပေါင်းဖက်လျှပ်ဝင်း သူဖန်ဆင်း။


 ဂျိုးဂျိမ့်သံပေး ပျံ့သင်းအေးမြ 

မှိုင်းပြတစ်ခွင် ထက်ကောင်းကင်တွင် 

ခုပင်ထစ်ချုံး ရွာလေဦးငဲ့

သူပုန်းရှောင်ရာ ပြန်လာပါမှ

 ကြင်နာကိုယ်စီ ဝေမျှသီလို့ 

ပွေ့ချီရင်ကြား သူ့ပါးပြင်ထက်

မွှေးကြူလျှက်နှင့်  တူစက်ခါမှရွာပါမိုး… 

kochitmoeswe@gmail.com

Comments