သံချောင်း
တို့ အလှူရက် က ကျောင်းပိတ်ရက်မို့ မောင်ဘချစ် တစ်နေကုန် ကူညီ လုပ်ဆောင်ပေးပါသည်။
`
ဆရာ.. ထမင်းစားပြီးလား .. ´ သံချောင်း ဖခင်က လှမ်းမေးပါသည်။
`
ပြီးပြီ.. မနက် ရောက်ကတည်းက စားလိုက်တာလေ.. ´
`
မပြန်နဲ့ ဦး နော် .. ဘုန်းကြီး ဆွမ်းကပ်ပြီးတော့ ထပ်ထားသွားဦး.. ´
` ဟုတ်ကဲ့… မပြန်ဘူး… ညနေစာ စာပြီးမှ
ပြန်မယ်.. အိမ်မှာ မချက်ခဲ့
ဘူး.. အဟဲ.. ´
မိဘများအလုပ်ရှုပ်နေပေမဲ့
သံချောင်းကတော့ကူညီဖော်မရ။အသံချဲ့စက်နားသွားကာ သီချင်းများရွေးဖွင့်နေသည်။
`
သံချောင်း ရော.. ကိုရင်ဝတ်မှာလား.. ´
`၀တ်ခိုင်းလို့
မရပါဘူး ဆရာရယ်.. ဒီကောင့် ရှေ့ရေး က ရင်လေးစရာပါ.. ကျုပ်ကတော့ ကျုပ်တို့တုံးကလို
ပန်းမှာစိုးလို့ ကျောင်းထားတာ.. ၁၀ တန်း အောင်မဲ့ ပုံလဲ မပေါ်ပါဘူး… ´
မောင်ဘချစ်
ဘာမှ ၀င်မပြောဖြစ်ပါ… ။
`သံချောင်း.. ဘုန်းကြီး
ဆွမ်းပွဲတွေ ပြင်နေပြီ.. ကျောင်းကိုသွားပြီး ဆရာတော်တွေ သွားပင့်ချေ… ။
`
တော်ပြီဗျာ.. ကျုပ် ဘုန်းကြီးတွေနဲ့ မပြောတတ်ဘူး.. တစ်ယောက်ယောက် လွှတ်လိုက်ပါ
အဖေရာ.. ´
`
မင်းကွာ .. ငါကျောင်းထားခဲ့တာ အလကားပါပဲ.. ဒါလေးတောင် အားမကိုးရဘူး.. သွား..
ပင့်တတ် အောင် ပင့်ခဲ့.. ဒီအရွယ်ထိ အသုံးမကျဘူး… ´
`
ပြီးတာပဲ.. ကျုပ်ပြောတတ်သလို ပြောမှာ.. နောက်ပြီးတော့မှ. ကျုပ်အပြစ်မပြောကြနဲ့.. ´
သံချောင်း လက်ထဲမှ သီချင်းခွေကို ပစ်ချပြီး
ကျောင်းဘက် ထွက်သွားတော့သည်။
`နေဦး..
သံချောင်း.. ဆရာလဲ လိုက်ခဲ့မယ်… ´
မောင်ဘချစ် သံချောင်းနှင့် အတူ
ဘုန်းကြီးကျောင်း လိုက်ခဲ့သည်။ ကျောင်းရောက်တော့ မောင်သံချောင်းက အရင်
ပြောလိုက်သည်။
`
ကိုယ်တော်… အဖေက ထမင်း ၀ိုက် ရအောင်.. အိမ်လာခဲ့တော့တဲ့… ´
ဆရာတော်..
မျက်လုံးပြူးသွားသည်။
`
ဟမ်.. ဘာရယ်.. သံချောင်း.. ပြန်ပြောစမ်း ငါ နားမရှင်းဘူး… ´
မောင်ဘချစ် မနေသာတော့ ၀င်ပြောရသည်။
` ဒီလို ပါ ဆရာတော် ဘုရား…
မောင်သံချောင်းတို့အလှူအိမ်ကို ဆွမ်း အလှူခံ ကြွဖို့ လာပင့်တာပါ ဘုရား.. ´
`
အော်.. အေး အေး.. ´
တစ်ကယ်ပင် မောင်ဘချစ် သံချောင်းအတွက်
ရင်မောမိပါသည်။
*********************
ညနေကျောင်းဆင်းချိန်တိုင်
ကျွန်တော် မောင်ဘဂျမ်းနှင့် အတူ လမ်းလျှောက်ပြန်ဖြစ်ပါသည်။
`
ဆရာ … ဒီနေ့ လေ. ဘောလုံးကွင်း ဟိုဘက်က
နဘူးခြုံထဲမှာ ကိုးတန်း အက်ဖွတ်(F)က ကောင်တွေ ကျောင်းလစ်ပြီး ဖဲရိုက် နေကြတယ်… ´
`
ဟင် ဟုတ်လား.. ´
`
နောက်ပြီး.. ကျွန်တော်တို့ အရင်က ပျားအုံ ကြည့်တဲ့နေရာကို ၁၀ တန်း E ခန်းထဲက
ငချိတ် ဆိုတဲ့ ကောင် ရစ်သီ ရစ်သီ လုပ်တာ
မြင်တယ် ဆရာ .. ´
`အဲဒီကောင်
မိန်းကလေး ဆီးခြံနား သွားတာ.. ဆရာမတွေက မမြင်ဘူးလား.. ´
`
ဟာ.. ဆရာကလဲ.. ကျောင်းထဲက မဟုတ်ဘူး.. ကျောင်းအပြင်ဘက် ခြုံထဲက ၀င်မှ ရတာ.. ´
`
အော်.. အဲလိုလား.. ´
အင်း… မနက်ဖြန်တော့ ငချိတ် ကိုတွေ့ကာ
မေးမြန်းပြောဆိုဆုံးမရပေဦးတော့မည်… ။
*********************
ကလေးတွေ ဆုံးမရတာ.. အတော်လေး
စိတ်ရှည်ရပါသည်။ ` ဦးက နင်းလျှင် ပဲ့ ကထောင် ပဲ့ က နင်းလျှင် ဦးကထောင်´
ဆိုသလို.. ယောက်ျားလေးများ ဆုံးမလို့ ငြိမ်တော့ မိန်းကလေးများက ကန်းတက်ကြသည်။
ရှစ်တန်း လောက်ဆိုလျှင် အပျိုစိတ် ၀င်ကာ စိတ်ကစားလာကြသည်။ အထူးသဖြင့်
နောက်ပိုင်းကျသည့် အခန်းများတွင် ပိုဆိုးသည်။ ကျောင်းစာကို စိတ်မ၀င်စား..
စာသင်ချိန်မှာပင် တတွတ်တွတ် နှင့် ဆိုတော့ မောင်ဘချစ် စိတ်မရှည်တော့.. ။
`
အရင်လပတ်က အမှတ်တွေ ကြည့်လိုက်တယ်.. မိန်းကလေး ဆယ်ယောက်တောင် ကျတယ်.. ၊ အဲဒါမဟုတ်
သေးဘူး… ။ ချက်ချင်း သင်ပြီး ချက်ချင်း စစ်တာကို ကျတယ်ဆိုတာ.. စိတ်ကို
မ၀င်စားလို့ပဲ.. ဒီအရွယ်မှာ စာကို စိတ်မ၀င်စား မှတော့ ဘယ်အချိန်
သွားစိတ်ဝင်စားမှာလဲ.. ။ မင်းတို့ ခုလို လုပ်နေတာ ကိုယ့်သမိုင်းကို ကိုယ်ရေးတာပဲ..
။ အင်း လုပ်ကြလေ.. ရေးပေါ့.. ခေါင်းဆောင်လုပ်ချင်တဲ့သူက ခေါင်းဆောင်ဖြစ်အောင်
လုပ်တယ်.. နောက်လိုက်တို့ ဖိနပ် ကောက် တို့ ဖြစ်ချင်တဲ့ သူကတော့ အေးဆေးပေါ့..
ဘာလုပ်စရာလိုလဲ.. ။
အငြိမ့်ပွဲတစ်ဖွဲ့
မှာ.. က ချင်တဲ့ မင်းသမီး ချည်းပဲ ဆိုရင် ဘယ်သူက ထမီခေါက်မှာလဲ.. အင်း အဲလို
မကြိုးစားချင်တဲ့ သူတွေ ရှိနေလို့လဲ.. ထမီခေါက်တဲ့ သူတွေ ရှိနေတာပေါ့. ဒီတော့
ကိုယ့်ဘာသာကိုယ် စဉ်းစားကြ.. မင်းသမီးလို ကမှာလား.. ဒါမှမဟုတ် မင်းသမီး
ချွတ်ချထားတဲ့ ထမီ ခေါက်မှာလား ဆိုတာ.. ။
ဒီအရွယ်က
ရိုက်ရမဲ့ အရွယ် မဟုတ်တော့ ။ ပါးစပ်ဖြင့် ရိုက်သထက် နာအောင် ပြောတတ်မှ.. ။
မိန်းကလေး အားလုံး ခေါင်းငုံ့ကာ မောင်ဘချစ်မျက်နှာကို မော်၍ပင် မကြည့်ရဲကြ.. ။ ကျောင်းဆင်းလျှင်
ငချိတ် ကိစ္စ ကရှိသေးသည်။ မောင်ဘချစ် ငချိတ် ကို ဘယ်လိုချဉ်းကပ် ရပါ့မလဲ
စဉ်းစားနေတုံး.. နေ့ခင်း အားလပ်ချိန်ပေးတော့ စပိုင် မောင်ဘဂျမ်းက အပြေးအလွှား
သီတင်းလာပို့သည်။
`
ဆရာ… ငချိတ် တော့ သွားပြီ.. ပျားအုံ
ချောင်းလို့ . အခု ရုံးခန်းရောက်နေပြီ… ´
သိပ်မကြာလိုက်ပါ…။
စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့ဝင် မောင်ဘချစ်ကို ရုံးခန်းမှ အခေါ် ဆင့်တော့သည်။
ရုံးခန်းတွင် ငချိတ် သာမကပါ.. သံချောင်း နှင့် အပေါင်းပါ ၂ ဦးလည်း
ရောက်ရှိနေပါသည်။ သံချောင်းမှာ မောင်ဘချစ်လာတာ မြင်တော့ ခေါင်းကို ငုံ့ထားသည်။
ဆရာမကြီးကဖြစ်ကြောင်းကုန်စင်
မောင်ဘချစ်ကိုပြောပြပါသည်။
*********************
ခင်လေးမွန်သည်
ဒသမတန်းတွင် အချောဆုံး အလှဆုံး
နာမည်အကြီးဆုံး..
ကျောင်းမတက်မီဆိုလျှင် သူအခန်း ရှေ့တွင် ကျောင်းသား များ ဟိုလိုလို
သည်လိုလိုနှင့် ဝေ့၀ိုက်ကာ ခင်လေးမွန်ကို ငမ်းနေကြသည်။ ခင်လေးမွန်နှင့် အကြည့် လေး
တစ်ချက်ဆုံလိုက်ရလျှင်ဖြင့် သေပျော်ပါပြီဟု များ ထင်နေကြလားမသိ..။ ဤမျှလောက်
နာမည်ကြီးနေသည့် ခင်လေးမွန် ကို ဘယ်ကျောင်းသားက မှ လိုက်လည်းမပြောရဲ..
ရည်းစားစာလည်း မပေးရဲ.. အဘယ့်ကြောင့်ဆိုသော်.. ခင်လေးမွန်၏ဘေးတွင် .. သူ့ချစ်သူ က
အမြဲ ရှိနေ၍ဖြစ်ပါသည်။ ခင်လေးမွန် ချစ်သူက ခင်လေးမွန်နှင့် သွားအတူ.. လာအတူ..
စာသင်ခုံ မှာပင် တစ်တန်းတည်း ကပ်လျှက် အတူထိုင်သည်။
မအံ့သြပါနှင့်
သူ့ချစ်သူ ဆိုသည်မှာ ငယ်စဉ်ကတည်းက ယောက်ျားလို နေ ယောက်ျားလို ၀တ်ကာ
ယောက်ကျားစိတ်ပေါက်နေသည့် မိမိမော်.. ဆိုသည့် မော်ကြီး ပင်ဖြစ်ပါသည်။ မော်ကြီးက
စာတော်ပါသည်။ သို့သော်.. ခင်လေးမွန် နေသည့်အခန်းကိုသာ ရှစ်တန်းကတည်းက
အတူလိုက်နေပါသည်။ ကျောင်းသွားကျောင်းပြန်.. ဘယ်သူမှ ခင်လေးမွန်ကို ရိသဲ့သဲ့ လုပ်ဖို့ စိတ်မကူးနှင့် မော်ကြီးက
ရွယ်တူ ယောက်ျား တစ်ယောက်လောက်တော့ ထည့်မတွက်.. ခင်လေးမွန်အတွက် ဘာမဆို
လုပ်ရဲကိုင်ရဲ သည်။ မော်ကြီးက ၉ တန်းနှစ်တုန်းက ယောက်ျားလေး တစ်ယောက်ကို
လက်သီးနှင့် ထိုးသဖြင့်ခံရသူမှာ မျက်နှာတစ်ခြမ်းဖူးရောင် သွားသည်။ မော်ကြီး နောက်နောင်
ယခုလို မဖြစ်ဖို့ မိဘများက
ခံဝန်ချုပ်လက်မှတ် ထိုးကာကျောင်းပြန်အပ်ထားရသည်။
တစ်ရက်တွင်
ခင်လေးမွန် အောက်သွားရာမှ အပြန်.. မော်ကြီးကို တစ်စုံတစ်ခု တိုင်ကြားလိုက်သည်။
မော်ကြီး ဒေါသ အမျက်ခြောင်းခြောင်းထွက်ကာ ထမီကို အခန်းထဲမှာပင် ချွတ်ထားခဲ့သည်။မော်ကြီးက
ထမီအောက်တွင် သရီးကွာတား ဘောင်းဘီက
အမြဲဝတ်ထားသည်။ အခန်းထဲမှ ပြေးထွက်ကာ ကျောင်းဝင်းအုတ်တံတိုင်းကိုကျော်တက်ကာ
ခုန်ချလိုက် သည်။ ထို့နောက်.. မိန်းကလေး ဆီးခြံ အုတ်နံရံဘေး မိုးနှံပင်များ နှင့်
နဘူးပင်များ ပိန်းပိတ်နေသည့် ခြုံတစ်ခုကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက်
လူတစ်ယောက် တွားသွားဝင်နိုင်သည့် အပေါက် တစ်ခုကိုတွေ့တော့ ၀မ်းလျားမှောက်ကာ
တိုးဝင်သွားသည်။ ခြေထောက်တစ်ခုကို မြင်ရ၍ လှမ်းဆွဲ လိုက်တော့ တစ်ဘက်မှ
`ခဏနေဦး..
ခဏ နေဦး ´ ဆိုပြီး.. တိုးတိုးပြန်ပြောသည်။ မော်ကြီးက ခြေထောက်ကို
အတင်းဆွဲထုတ်တော့ ဖိနပ် တစ်ဖက် လက်ထဲပါလာသည်။ ရှေ့မှ လူက အတင်းရုန်းကာ
ထွက်ပြေးတော့ လွယ်အိတ်ကိုဖမ်းဆွဲထားလိုက်သည်။ နောက်ဆုံး မော်ကြီးလက်ထဲတွင်..
လွယ်အိတ်တစ်လုံးနှင့် ဖိနပ်တစ်ဖက် ကျန်နေခဲ့ရာ ရုံးခန်း ပို့ပြီး တိုင်တော့သည်။
လွယ်အိတ်ကြီးပါ
လက်ပူးလက်ကြပ် မိတော့ ငချိတ် တစ်ယောက် မငြင်းသာတော့.. ။
မိထားသော တရားခံ ငချိတ်ကို ဆရာမကြီးက
အကုန်စွဲချက်တင်တော့သည်။ ငချိတ်က လည်း မထူးတော့ပြီမို့ . . အကုန်ဖော်တော့သည်။ ဆရာ
ကျော်ထူး အား ဖင်လှန်ပြသည့် ကျောင်းသားမှာ.. ဒသမတန်း D မှ သောင်းထွန်းဦး ၊
အတန်းပိုင် ဒေါ်မေကြည် ၏ ကုလားထိုင် ပေါ် အီးပါ ထားခဲ့သူမှာ ဒသမတန်း E ခန်းမှ
သံချောင်း ဖြစ်ကြောင်း.. ။ ကျောင်းနံရံ ကွမ်းသွေးထွေးသူ များပါ မကျန် ငချိတ် က
အကုန်ဖော်တော့သည်။ ထိုအထဲတွင် သံချောင်းတို့ အဖွဲ့ထဲ မှ သုံးယောက် ပါသွားခဲ့သည်။
ဆရာမကြီးက သူတို့အားလုံးကို ကျောင်းမှ ယာယီထုတ်ပယ်မည်.. မိဘများ ကတိခံဝန်ချုပ်
နှင့် ဆရာ တစ်ယောက် ထောက်ခံပါမှ. ပြန်လက်ခံမည် ဖြစ်ကြောင်း အမိန့်ချပါသည်။
*********************
ညပိုင်းတွင်
မောင်ဘချစ် စိတ်မကောင်းစွာဖြင့် အိပ်ရာထဲ လဲလျောင်းနေသည်။ ဆယ်တန်းစာမေးပွဲ
ဖြေခါနီးမှ ကျောင်းထုတ် ခံရသည့် အဖြစ်ကို မောင်ဘချစ်
စိတ်မကောင်းဖြစ်နေမိသည်။တော်တော်နှင့် အိပ်မပျော်ခဲ့ပါ… ။
`
ဝုတ်.. ၀ုတ်… ၀ုတ်.. ´ ` ဖောင်း.. ´ ` ကိန်.. ကိန်.. ´
ခွေးဟောင်သံများ .. ခဲ နှင့် ထုသံများ..
ခွေးအော်သံများ ဆူညံနေသည်။
`လာခဲ့ကြစမ်းကွာ..
ဒီညတော့ မင်းတို့ အားလုံး မှတ်လောက်သားလောက်အောင် ဆုံးမရမယ်.. ဟောင်ရဲတဲ့ကောင်
ဟောင်ကြစမ်း.. သံချောင်းတဲ့.. ဘယ်ခွေးမှ လူမထင်ဘူး။ မိုးကျောပေးတဲ့ကောင်
အကုန်သတ်မယ်.. ´
မောင်ဘချစ်
ဝမ်းလျားမှောက်အိပ်နေရာမှ ပက်လက်
ပြောင်းအိပ်လိုက်ရသည်။ သံချောင်းတစ်ယောက် ကျောင်းတုန်းက ဒေါသ ပြေသေးပုံ မရ.. ။
သူနိုင်သည့် ခွေးများကိုသာ မဲ နေတော့သည်။ သူက ခဲနှင့် ထုလေ.. ခွေးများက ဟောင်လေ..
ဘယ်သူမှလည်း .. ထပြောမည့်သူ မရှိ။ ည ၁၂ နာရီ ကျော်တော့ မှ ခွေးကမောသလား.. သံချောင်းက
မောသလား မသိ။ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
*********************
`ကျွန်တော်တော့
ဒီကောင့်ကို ကျောင်းပြန် မထားတော့ဘူး..ဗျာ.. အငယ်တွေ တာဝန်လဲ ရှိသေးတယ်.. ထားလဲ
အောင်မဲ့ ကောင် မဟုတ်ပါဘူး.. ညကလဲ ကြည့်လေ.. တစ်ရွာလုံးကခွေးတွေ လိုက်ပြီးခဲနဲ့
ထုနေတာ.. အခု ခွေးတွေတောင်မှ သူ့မြင်ရင် ဝေးဝေးက ရှောင်နေကြပြီ..´
`
အင်း.. အဲလိုလဲ.. မဟုတ်သေးပါဘူး
ဦးလေးရာ.. စာမေးပွဲက တစ်လပဲ လိုတော့တာ.. ´
`ကျွန်တော်လဲ
မတက်ချင်တော့ပါဘူး.. ဆရာ.. ´
`
မတက်လို့ မရဘူး သံချောင်း.. မင်း တက်ကို တက်ရမယ်.. အတွေ့အကြုံဆိုတာ .. ငွေပေးဝယ်လို့
မရဘူး.. ´
`ကျွန်တော်.. ဖြေလဲ အောင်မှာ
မဟုတ်ဘူး.. ဆရာ.. ´
`
ဒီနှစ် မအောင်လဲ .. နောက်နှစ်ပေါ့ကွာ.. အတွေ့အကြုံရအောင်တော့ကျောင်း ပြန်တက်ဖို့
နဲ့ စာမေးပွဲဖြေဖို့ ဆရာပြောချင်တယ်. မင်း..ကို အဲဒါပြောချင်လို့ ဆရာ လာခဲ့တာပဲ..
´
`ကျွန်တော်.. ရှက်တယ်.. ဆရာ.. ´
`
အင်း.. လူငယ်ဆိုတာ.. မှားတာချည်းပဲ..
မင်းအဖြစ်က ငချိတ်လောက် မဆိုးပါဘူးကွာ..
ငချိတ်တောင်မှ ခုနက ကျောင်းပြန်တက်ဖို့ ဆရာပြောခဲ့သေးတယ်.. ´
` ဒီကောင်ဗျာ.. ကျွန်တော် အတန်တန်
တားတဲ့ကြားက အဲဒီကိုသွားဖြစ်အောင် သွားတယ်.. နောက်ပြီး သူအကုန်ဖော်ကောင်လုပ်လို့..
ကျွန်တော်တို့ အရှက်ရတာ… ´
` အဲဒါတွေ မေ့ထားလိုက်တော့
သံချောင်း.. အရေးကြီးတာက မနက်ဖြန် မင်းကျောင်းပြန်တက်ရမယ်.. ဆရာ့စကား နားထောင်..
ဆရာ မင်းတို့ အကုန်လုံးကို အာမခံပြီး ဆရာမကြီးဆီမှာ.. ပြန်အပ်ပေးမယ်.. ´
` ဟုတ်ကဲ့ပါ ဆရာ..
ဆရာဒုက္ခခံပြီးကျွန်တော့်အပေါ် ဒီလောက်စေတနာထားတာ.. ကျွန်တော် .. ကျွန်တော်.. .
ဝမ်းနည်း လို့ပါ.. ´
မောင်သံချောင်း
ငိုနေပါသည်။
`
မငိုပါနဲ့ကွာ.. မင်းလိမ္မာတယ် ဆိုရင် ဆရာဒုက္ခ ခံရကျိုးနပ်ပါတယ်.. ဆရာ့အနေနဲ့
ဘာမှလည်း အပန်းမကြီးပါဘူး.. မင်းသာ ဒီကရှေ့ လိမ်လိမ် မာမာနေနော်.. ´
`
ဟုတ်ကဲ့ .. ကျွန်တော် ကတိ ပေးပါတယ်..
ဆရာ.. ´
*********************
ကျောင်းတွင်းစာမေးပွဲတွေ
ပြီးဆုံး၍ မကြာမီ တက္ကသိုလ်ဝင် စာမေးပွဲကြီး ကျင်းပပါတော့မည်။ ဆရာဆရာများကတော့
မိမိတပည့်များ အားလုံး အောင်စေချင်ကြပါသည်။ တပည့်များကလည်း အောင်မြင်ချင်ကြပါသည်။
ထိုသို့ အောင်မြင် စေရန် အတွက် အစွမ်းကုန် အတတ်နိုင်ဆုံး.. ကြိုးစား
သင်ကြားနေပါသည်။ ကာယ ဆရာ ၊ ဖွံ့ဖြိုး ရေးဆရာ၊ မောင်ဘချစ် ကတော့ ကျောင်းစာ အပြင်..
လူ့ဘောင်အဖွဲ့ အစည်းအတွင်း သဟာဇာတ ဖြစ်အောင် နေတတ်ဖို့ တတ်သလောက် မှတ်သလောက်
သင်ကြား ပို့ချ ပေးပြီးခဲ့ပါပြီ… ။
။
စာပေဗိမာန်
စာမူဆုရ လယ်တွင်းသား စောချစ် ရေးသားသည့် ` ပန်းမြိုင်လယ်က ဥယျာဉ်မှုး ´၀တ္တုကို
ကျောင်းဆရာ မဖြစ်ခင် က ဖတ်ခဲ့ဖူးပါသည်။ ထိုစဉ်ကတည်းက ကျောင်းဆရာ ဖြစ်ချင်ခဲ့ပါသည်။
တစ်ကယ်လည်း ဖြစ်ခဲ့ ပါသည်။ ဖြစ်ခဲ့လို့ တာဝန်ထမ်းဆောင်ရတော့လည်း ပျော်ပါသည်။
ဆရာဝန်တိုင်းဟာ
သူတို့ ကုသသော လူနာတိုင်းကို ရောဂါပျောက်ကင်းပြီး အသက်ရှည်စေချင်ကြပါသည်။
သို့သော်..
လူနာတိုင်း အသက်မရှင်ပါ.။
ထိုနည်းတူစွာပင်
ကျောင်းဆရာတိုင်းသည် မိမိသင်ကြားသော
တပည့်များအားလုံး စာမေးပွဲ တိုင်း အောင်မြင်စေချင်ကြပါသည်။ သို့သော်..
ကျောင်းသားတိုင်း မအောင်မြင်ကြပါ… ။
သတင်းစာ တစ်ခုတွင် ဖတ်လိုက်ရသည့်
ကြော်ငြာစာလေးတစ်ခုကို သတိရမိပါသည်။
ကျွန်တော့် သားလေး.. မသေမီက
အစွမ်းကုန်ပြုစု ကုသပေးခဲ့သော သမားတော်ကြီး ဒေါက်တာ ဦး …….. အားလည်းကောင်း …
အထူးကု ဆရာဝန်ကြီး .. ဒေါက်တာ .. ဒေါ်…………
အား လည်းကောင်း.. ၊ အစစ အရာရာ ကူညီဆောင်ရွက်ပေးကြသော ………………………. ဆေးရုံမှ
သူနာပြု ဆရာများနှင့် ဆေးရုံဝန်ထမ်းများအား လည်းကောင်း အထူးကျေးဇူးတင်
ရှိပါကြောင်း…… ။
ထိုနည်းတူစွာ…
ကျွန်တော့် သားလေး စာမေးပွဲ မကျမီက
အစွမ်းကုန် သင်ကြားပြသပေးခဲ့ကြသော.. အတန်းပိုင်ဆရာကြီး ဦး……………………. အားလည်းကောင်း
၊ ဘာသာရပ်ဆရာ ဆရာမ များဖြစ်ကြသော ..
ဦး………………… ၊ ဒေါ်……………….. တို့အား လည်းကောင်း အစစ သွန်သင်
ဆုံးမသင်ကြားပေးကြသော ………………….. ကျောင်းမှ
ဆရာဆရာမ များအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း….. ။
ဆိုပြီး..
ကြော်ငြာလေးများ..ကိုတော့ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ
မတွေ့ဖူးခဲ့ပါ။
မျှော်မှန်းကာ
ရေးသားခြင်း မဟုတ်ပါ.. တွေးတောမိခြင်းသာ ဖြစ်ပါသည်။
သေချာတာ
တစ်ခုရှိပါသည်။
အထူးကု
ဆရာဝန်ကြီးများ.. ပါရဂူများ… ဒေါက်တာများ.. နာ့စ်များ.. အားလုံးကို
မွေးဖွားပေးသူများမှာ ကျောင်းဆရာ/ဆရာမ များသာ ဖြစ်ကြပါသည်။
(ကိုယ်တိုင်ရေး ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါသည်)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ